စာရေးဆရာ ထင်လင်းဦးကို မုံရွာထောင်ပို့
2014.12.17

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာ ဦးထင်လင်းဦးကို သာသနာ ညှိုးနွမ်းစေမှုနဲ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးခဲ့ရာ တရားသူကြီးက အာမခံမပေးဘဲ ပယ်ချလိုက်ပြီး မုံရွာအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် ရဲအချုပ်ခန်းမှာမထား ဘဲ မုံရွာထောင်ကိုခေါ်သွားတယ်လို့ ဒီနေ့ ရုံးချိန်း သွားရောက်ခဲ့တဲ့ ညီအကိုဝမ်းကွဲတော်သူ ဦးဆန်းထွန်း က ပြောပါတယ်။
" ဆရာ့ကို အာမခံမပေးဘူးခင်ဗျ၊ သူတို့ကရှေ့နေ ငှားမလားလို့မေးတယ်၊ ဆရာကလဲ ရှေ့နေငှားမယ် လို့ပြောတယ်၊ ပြီးတော့ အာမခံယူမလားလို့မေးတယ်၊ ဆရာကလဲ အာမခံလုပ်လိုက်မယ်ပေါ့နော်၊ ဒါဆိုရင် ဖောင်ဖြည့်ပါဆိုပြီး ဖောင်ဖြည့်ခိုင်းတယ်၊ အာမခံလျှောက်တော့ သူတို့ဖက်ကရှေ့နေတွေက ဒီအမှုကအာမခံပေးလို့မရတဲ့အတွက် တရားသူကြီးမင်း စဉ်းစားပေးပါရန်တဲ့ ဆိုပြီး သူတို့ကပြောတယ်၊ တရားသူကြီးက ဒီအမှုက အာမခံပေးလို့မရဘူးဆိုပြီးတော့ ၂၄ ရက်နေ့ ရုံးချိန်းအတွင်းကို အချုပ်ချပါတယ်ဆိုပြီးတော့ ချလိုက်တယ်၊ စစ်တော့ ချောင်းဦးမှာစစ်တယ်၊ ချောင်းဦး စခန်းမှာမထားပဲနဲ့ မုံရွာထောင်ကြီး ချုပ်ကိုပို့တယ်ဆိုပြီးတော့ မုံရွာကိုခေါ်သွားတယ်"
စာရေးဆရာဦးထင်လင်းဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ညက ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြ ကျေးရွာ စာပေဟောပြောပွဲမှာ ဘာသာ၊ သာသနာ၊ လူမျိုးရေးနဲ့ အယူဝါဒ အကြောင်းတွေကို ဟောပြောခဲ့ပါတယ်။
အဲ့ဒီဟောပြောချက်ကြောင့် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၂၉၅ (က) ဘာသာ သာသနာညှိုးနွမ်းစေမှု ၊ ပုဒ်မ ၂၉၈ ဘာသာ သာသနာ ကို စော်ကားပုတ်ခတ်ပြောဆိုမှု ပုဒ်မ ၂ ခု နဲ့ ချောင်းဦးမြို့နယ်တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပါတယ်။
ဦးထင်လင်းဦးရဲ့ရှေ့နေ ဦးသိန်းသန်းဦးက ဒီအမှုအတွက် အာမခံရဖို့ဆက်ကြိုးစားမှာဖြစ်သလို ဦးထင်လင်းဦး ကိုယ်တိုင် သက်ဆိုင်ရာသံဃာတော်တွေကို တောင်းပန်ဖို့ စီစဉ်နေတယ်လို့ပြောပါတယ်။
"ကိုထင်လင်းဦးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဖြစ်နေတဲ့အခါကျတော့ ဒီပေါ်မှာ မလိုလားအပ်ပဲ မသမာသူတွေက ကိုထင်လင်းဦးရဲ့သာမန် အပြုအမှုရပ်တစ်ခုအပေါ်မှာ နောက်ဆက်တွဲ အခွင့်အရေးကို အသုံးချပြီးတော့ NLD ထိယူလာမယ့် အန္တရာယ်ကို ကျနော်မြင်တဲ့အတွက် သံဃာတော်တွေကို ခြေစုံကို ဦးတိုက်ပြီးတောင်းပန်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်ဖို့ နောက်တစ်ခါ ကိုထင်လင်းဦးအနေ နဲ့ တောင်းပန်ခိုင်းမှာပါ၊ ဒါဘုရားနဲ့တစ်ဂိုဏ်းတည်းထားတာပဲ၊ ကိုယ့်ဘက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သံဃာတွေကိုတောင်းပန်ပြီး ကျနော်တို့ဖက်က ဝန်ချသွားမှာပါ"
ကာယကံရှင် ဦးထင်လင်းဦးက ဝန်ချတောင်းပန်မယ်ဆိုရင် စာရေး ဆရာထင်လင်းဦးကို ပတ္တနိက္ကုဇ္ဇန ကံဆောင် ထားတဲ့ ချောင်းဦးမြို့နယ်လုံးဆိုင်ရာ သံဃာတွေက သပိတ်ကိုလှန်ပေးနိုင်တယ်လို့ ချောင်းဦးမြို့ မဟာဓမ္မာရုံ ကျောင်း တိုက် ဆရာတော် အရှင် ဓမ္မပီယ က RFA ကို မိန့်ကြားပါတယ်။
ဦးထင်လင်းဦးရဲ့ရှေ့နေ ဦးသိန်းသန်းဦးကို ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။