ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အန္တရာယ်ကာကွယ်ဖို့ သတိပေး


2013.06.29

အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ တိုင်းတာချက်တွေအရ ရန်ကုန်မြို့ရဲ့ လေထုတွင်း သန့်ရှင်းမှုဟာ ညစ်ညမ်းမှုအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ကာကွယ်မှုတွေလုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက ဒီကနေ့ သတိပေးပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာကျင်းပတဲ့ ကျောက်မီးသွေးအဆိပ်ပြာနဲ့ ညစ်ညမ်းဓာတ်ငွေ့များကြောင့် လူ့အသက်ဆုံးရှုံးရမှုများကို ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဦးဝင်းမျိုးသူက အခုလို ပြောကြားလိုက်တာပါ။

"မြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်မြို့မှာ လေထုညစ်ညမ်းတဲ့အဆင့်ကို ရောက်နေပါပြီဆိုတဲ့ အချက်လးကိုတွေ့ပါတယ်၊ အဲတုန်းကတော့ အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မရှင်က ဆက်ပြီးတော့ လေထုညစ်ညမ်းတာကို တိုင်းတဲ့စီမံကိန်းကိုစပေးပါတယ်၊ အဲဒီစီမံကိန်းက ဆက်တိုင်းတော့လည်း ကျနော်တို့ပထမတွေ့ထားတဲ့အတိုင်းပဲ ဒီမြို့တွေမှာ လေထုညစ်ညမ်းမှုဟာ စဉ်းစားရမယ့်အဆင့် ရောက်နေပြီဆိုတဲ့အချက်ေလးတွေ့ပါတယ်"

ကျောက်မီးသွေးကို လောင်စာအဖြစ်သုံးစွဲပြီး လျှပ်စစ်မီးထုတ်လုပ်ဖို့ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ စက်ရုံတည်ဆောက်နေတဲ့အပေါ်မှာလည်း ရန်ကုန်မြို့ခံပြည်သူတွေအနေနဲ့ ကာကွယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ အခုကတည်းက စဉ်းစားဖို့လိုနေပြီလို့ ဦးဝင်းမျိုးသူက ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့တစ်ခုထဲမဟုတ်ဘဲ မြန်မာပြည်ရဲ့ ကျောက်မီးသွေးစက်ရုံတွေတည်ရှိတဲ့ ဒေသတွေမှာလည်း ကျောက်မီးသွေးက ထွက်လာတဲ့ စွန့်ပစ်အမှိုက်ပြာမှုန့်တွေကြောင့် ဒေသခံတွေရဲ့ အသက်ရှုလမ်းကြောင်းကနေတဆင့် ကင်ဆာရောဂါအထိ ဖြစ်စေနိုင်တာကြောင့် တခြားလောင်စာစွမ်းအင်တွေကို အစားထိုးသုံးစွဲဖို့ တက်ရောက်လာတဲ့ ပညာရှင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

ဒီအခမ်းအနားကို သဘာဝပတ်ဝန်းကျင်ပညာရှင်တွေနဲ့အတူ လွှတ်တော်အမတ်တွေ အပါအဝင် ပရိသတ် ၅ဝဝ ခန့် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။