ရေပူကျောင်းတိုက် ဆရာတော် ပြင်ဦးလွင်ခရိုင် အချုပ်ကို ပြောင်း


2015.07.03
yaypu-monk-620 မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ရစဉ်
Photo:Hset Paing Toe/RFA

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရေပူကျောင်းတိုက်ဆရာတော် ကို ပြင်ဦးလွင်ခရိုင်အချုပ်စခန်းကို ဒီနေ့ ပြောင်းရွှေ့လိုက်ပါတယ်။

လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်တဲ့အတွက် ပြင်ဦးလွင်ခရိုင် အချုပ်စခန်းကို ပြောင်းလိုက်တာလို့ ရေပူကျောင်းတိုက်ဆရာတော်ရဲ့ ဒါယိကာ ဦးရဲအောင်က ပြောပါတယ်။

"အဓိက ၇ ရက်နေ့ ရုံးထုတ်ဖို့အတွက်ကိုပေါ့နော်၊ ရုံးထုတ်မယ်ပေါ့ တရားခံရော တစ်ခါတည်း တွဲထုတ်ရတာလေ ၊ အဲ့ဒါကြောင့်မို့လို့ ပြင်ဦးလွင်ကိုပြောင်းလိုက်ရတာ၊ အမှုကိုဖျက်မှာလား တရားစွဲမှာလားဆိုတာတော့ အဲ့ဒီနေ့ ခရိုင်ဥပဒေအရာရှိရဲ့ အဖြေကအဓိကပေါ့နော်၊ အဲ့ဒီနေ့ကိုတော့ အဆုံးအဖြတ်တစ်ခုဖြစ်မှာပေါ့နော်၊ တရား ထပ်စွဲမလား ဘာလားဆိုတာတော့ အတိအကျတော့မသိသေးဘူး၊ ပြင်ဦးလွင်ကိုတော့ ဒီနေ့မနက်ရွှေ့သွားတယ်၊ ၆ နာရီပေါ့နော် အာရုဏ်ဆွမ်းသွားပို့တော့ မရှိတော့ဘူး၊ ဆရာတော်ကို ပြင်ဦးလွင်ကိုရွှေ့သွားပြီတဲ့ အဲ့လိုပဲပြောတယ်"

ရေပူကျောင်းတိုက်ဆရာတော်ကို စွဲဆိုထားတဲ့အမှုတွေထဲမှာ တရားမဝင်ကျောက်မျက်တူးဖော်မှု ပါဝင်နေ တာကြောင့် ပြင်ဦးလွင် ခရိုင်တရားရုံးမှာ စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။

ရေပူဆရာတော်ဟာ ကျောင်းတိုက်ဝင်းထဲမှာ ကျောင်းဆောင်သစ်ဆောက်ဖို့နဲ့ ဓာတ်ပေါင်းစေတီတည်ဖို့ အတွက် မြေညှိတာကို တရားမဝင်ကျောက်တူးဖော်တယ်ဆိုပြီး မိုးကုတ်မြို့နယ်ရဲစခန်းက သာသနာတော် ညှိုးနွမ်းစေမှု၊ တရားမဝင် ကျောက်မျက်တူးဖော်မှု၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှုတို့နဲ့ ဇွန်လ ၉ ရက်နေ့က လူဝတ်လဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။