ရန်ကုန်စည်ပင်ဝန်ထမ်းတချို့ ဗိုင်းရပ်စ်ကူးစက်လို့ လုပ်ငန်းအခက်အခဲဖြစ်
2020.09.25
ရန်ကုန်မှာ ရောဂါကူးစက်ခံရမှုတွေ တိုးလာနေသလို၊ ကပ်ရောဂါထိန်းချုပ်ရေးကာလ ထိခိုက်လာနေတဲ့ လုပ်ငန်းတွေထဲမှာ မြို့တော်စည်ပင်သာယာရေးလုပ်ငန်းလည်း ပါဝင်လာပါတယ်။ မြန်မာနိုင်ငံမှာ ဒီမနက်အထိ ရောဂါကူးစက်ခံရသူ ၈၅ဝဝ ကျော်သွားပါပြီ။ သေဆုံးသူက ၁၅၅ ယောက်ပါ။
ရောဂါကူးစက်ခံရသူတွေ တနေ့ထက်တနေ့ တိုးလာနေတာနဲ့အမျှ - ဒီလူနာတွေကို ထားဖို့ နေရာတွေလည်း တိုးချဲ့လာနေရတာကြောင့် - ဒီစင်တာတွေကထွက်တဲ့ နေ့စဉ်အမှိုက်တွေကို သိမ်းဆည်းရင်း ကူးစက်ခံရသူ တွေထဲမှာ စည်ပင်ဝန်ထမ်းတွေလည်း ပါဝင်လာပါတယ်။ ဒါကြောင့် ဝန်နဲ့အား မမျှတဲ့ အခက်အခဲကို အဓိက ကြုံနေရတယ်လို့ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။
“ရန်ကုန်စည်ပင်အနေနဲ့ ကြီးမားသောအခက်အခဲက Quarantine Center (ကန့်သတ်စောင့်ကြည့်ရေးစခန်း) တို့၊ ဆေးရုံတို့မှာ သန့်ရှင်းရေးနဲ့ အောက်ခြေသိမ်းလုပ်ရတဲ့ အလုပ်တွေအတွက် ဝန်ထမ်းမလုံလောက်တာကတော့ စည်ပင်အတွက် အခက်အခဲဆုံးပါပဲ။ နောက်တခါ အဲ့ဒီစင်တာတွေနဲ့ ဆေးရုံတွေအတွက်ကို ရေဆိုးစီမံ ခန့်ခွဲမှုဆိုတာ ရှိတယ်လေ။ မိလ္လာကိစ္စတွေပေါ့နော်။ အဲ့ဒါတွေအတွက်လည်း ကျမတို့က တော်တော်လေး လည်ပတ်အောင် လုပ်ရပါတယ်။ နောက်တခါ စည်ပင်ဝန်ထမ်းလေးတွေ ဒါလုပ်နေရင်းနဲ့မှ တချို့ဆိုရင် positive ဖြစ်တယ်။ မိသားစုက အိမ်မှာတင် ကန့်သတ်စောင့်ကြည့်ခံရတာမျိုးတွေ ဖြစ်နေတယ်။ အဲ့လိုဆိုတော့ ပိုပြီး အင်အားက လျော့တယ်။”
ရန်ကုန်မြို့ရဲ့ လမ်းဘေးတနေရာက အမှိုက်ပုံးထဲမှာ စွန့်ပစ်ထားတဲ့ ရောဂါပိုးမကူးစက်အောင်ကာကွယ်တဲ့ ဆေးရုံသုံး PPE ဝတ်စုံကို လူတယောက်က ကောက်ယူပြီးဝတ်ခဲ့တဲ့ ဓာတ်ပုံတချို့ Facebook မှာ မကြာသေးခင်က ပျံ့နှံ့ခဲ့ပြီး၊ ဒါကို မြင်တွေ့သူတွေကြား စိုးရိမ်တာတွေလည်း ရှိခဲ့ကြပါတယ်။ ဒီလို ဆေးရုံသုံး PPE ဝတ်စုံတွေအပြင် ရောဂါပိုးကာကွယ်တဲ့ နှာခေါင်းစည်းနဲ့ လက်အိတ်တွေကို စနစ်တကျ စွန့်ပစ်နိုင်အောင် ဆေးရုံ၊ ဆေးခန်းတွေ၊ ပရဟိတလူမှုအဖွဲ့တွေနဲ့ စည်ပင်အကြား ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ မရမ်းကုန်းမြို့နယ် (Fever Clinic) ဆေးခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမြတ်မင်းဦး က ပြောပါတယ်။
“မနေ့ကပဲ Facebook မှာ ကျနော် ပုံတပုံ တွေ့တယ်။ လူတယောက်က အမှိုက်ပုံးထဲက Level 3 အဆင့်ရှိတဲ့ PPE ကို ယူပြီးတော့ကို ယူပြီးတော့ ထွက်သွားတဲ့ ပုံလေးတပုံ တွေ့တယ်။ ကျနော် တော်တော်လေးကို အံ့သြတုန်လှုပ်သွားတယ်။ အဲတော့ PPE သုံးနေတဲ့နေရာတွေနဲ့ စည်ပင်နဲ့ ပိုပြီးတော့ ချိတ်ဆက်ပြီး - ဒီလို PPE တွေကိုတော့ ဘယ်လိုစွန့်ပစ်ပြီး၊ သူတို့ကလည်း ဘယ်လိုသယ်မယ်ဆိုတဲ့ လမ်းညွှန်ချက်လုပ်မှ ဖြစ်လိမ့်မယ်။ တချို့နေရာတွေကတော့ အမှိုက်စွန့်ပစ်ဖို့အတွက်ကို စည်ပင်နဲ့ ကောင်းကောင်း ချိတ်ဆက်ထားတဲ့ နေရာတွေရှိတယ်။ ဥပမာဆိုရင် - ကန့်သတ်စောင့်ကြည့်ရေးစခန်းတွေပါ။ ဒါပေမဲ့ လူနာတင်ယာဉ်တွေပေါ့နော် ပို့စရာရှိတဲ့လူနာတွေကို ပို့ပြီးပြီ။ သူတို့ရဲ့ ဌာနကို ပြန်လာတဲ့အခါ ဒီ PPE တွေကို ဘယ်လို စွန့်ပစ်ပြီး၊ ပြန်ပို့မလဲဆိုတာမှာ ပရဟိတအဖွဲ့တွေအနေနဲ့တော့ စည်ပင်နဲ့ ပိုပြီး အနီးကပ် ချိတ်ဆက်ဆောင်ရွက်တာမျိုး လိုမယ်လို့ ကျနော်မြင်ပါတယ်။ နောက်တခုကတော့ အရပ်ထဲမှာ ဖွင့်နေသေးတဲ့ ဆေးခန်းလေးတွေက ထွက်လာတဲ့ PPE တွေလည်း ရှိနိုင်တယ်။ အဲ့ဒါဆိုရင် ဒီဆေးခန်းတွေက PPE တွေကို စည်ပင်ကတော့ ဘယ်လိုသိမ်းမယ်ဆိုတဲ့ မူဝါဒမျိုးလည်း ရှိဖို့ လိုပါတယ်။ ကျနော်ကတော့ အဲ့ဒီ နှစ်ခုကို မြင်တယ်။”
ကပ်ရောဂါထိန်းချုပ်ရေးကာလမှာ စည်ပင်ဝန်ထမ်း မလုံလောက်မှုကြောင့် စေတနာ့ဝန်ထမ်း ကူညီသူတွေကို အားထားနေရတယ်လို့လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ လတ်တလော စည်ပင်ရဲ့ ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုတော့ - ဒေါ်သန်းမြင့်အောင် က အခုလို ရှင်းပြပါတယ်။
“စောင့်ကြည့်စင်တာတခုဆိုရင် အဲ့ဒီလူတယောက်ဟာ အတွင်းသန့်ရှင်းရေး၊ အပြင်သန့်ရှင်းရေးရှိမယ်။ အခု အတွင်းသန့်ရှင်းရေးတွေမှာ မနိုင်တဲ့အတွက်ကြောင့် စေတနာ့ဝန်ထမ်းတွေရှိတယ်။ အပြင်သန့်ရှင်းရေးမှာတော့ စည်ပင်က သွားသယ်ရတယ်။ သယ်ပြီးတဲ့အခါမှာ အမှိုက်မီးရှို့စက်ပေါ့နော်။ အဲဒီမှာလည်း ဒါတွေကို သီးသန့် ရှို့တဲ့သူက သပ်သပ်ကို Quarantine လုပ်ထားရတယ်။ နောက်တခါ စောစောကပြောသလို အပြင်ကနေ သွားသယ်ပြီး မီးရှို့စက်ဆီ ပို့ရတဲ့သူတွေ အိမ်လည်း ပြန်လို့မရဘူး။ တခြားနေရာတွေကိုလည်း လျှောက်သွားလို့ မရဘူး။ သီးသန့် ထားရတယ်။ အဲ့ဒီ စည်ပင်သာယာရဲ့မိသားစုတွေဆိုရင် သူတို့အိမ်တွေကိုလည်း ပြန်လို့ မရ တော့ သူတို့ကလေးတွေကို ကျမတို့က ရိပ်သာလေးတွေလိုမျိုး ကလေးလေးတွေကို ထိန်းထားပေးရတာမျိုး လည်းရှိတယ်။ နောက် လမ်းမထွက်ပြီးတော့ တံမြက်စည်းလှည်းတာတို့၊ ရပ်ကွက်ထဲ အမှိုက်ကျုံးတာတို့ အဲ့ဒါ တွေကိုလည်း သီးသန့်ထားရတယ်ဆိုတော့ ကျမတို့မှာလည်း တော်တော်လေးကို မလည်ပတ်ပါဘူး။ အဲ့ဒီလလို မလည်ပတ်တဲ့အလုပ်တွေမှာ စေတနာ့ဝန်ထမ်းတွေကပဲ ဝိုင်းကူပေးနေတာပါ။”
ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေနဲ့ စောင့်ကြည့်လူနာတွေကိုထားတဲ့ ကျန်းမာရေးစင်တာ တွေမှာ စေတနာ့ဝန်ထမ်း လိုအပ်ချက်တွေလည်းရှိနေပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖွင့်ခဲ့တဲ့ သုဝဏ္ဏအားကစားကွင်းက ဧရာဝတီကျန်းမာရေးစင်တာမှာ စေတနာ့ဝန်ထမ်းစာရင်းပေးဖို့ ခေါ်ယူနေရပါတယ်။