ရေကြည်မြို့နယ် စည်ပင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေ


2018.10.24
yegyi-municipal-statement-622.jpg ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရဲ့ ရေကြည်မြို့နယ် မြို့မရဲစခန်းကို ပေးပို့တိုင်ကြားတဲ့ စာကိုတွေ့ရစဉ်
.

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်က စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၃ ယောက်ဟာ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့က ဖမ်းဆီစစ်ဆေးနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။

သူတို့တွေဟာ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၅၀၀ ကို ကိုယ်ကျိုးစီးပွားအတွက် ရယူခဲ့တယ်ဆိုပြီး တိုင်ကြားခံရတာဖြစ်ပါတယ်။

ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇင်မိုး၊ လက်ထောက်ညွန်ကြားရေးမှူး ဦးသိန်းလွင်၊ ဒုတိယညွန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ တာဝန်ခံအင်ဂျင်နီယာ ဦးဝင်းကိုတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉၊ ၁၀၉ တို့နဲ့ ရေကြည်မြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို ဒေသပေါက်ဈေးထက် ပိုပြီးတွက်ချက် တင်ပြတာ၊ လုပ်အားခတွေ ပိုတင်ပြတာတွေကြောင့် အရေးယူပေးဖို့ မြို့သန့်ရှင်းလှပရေး အထောက်အကူပြု အဖွဲ့ဝင်တစ်ယောက်က တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဆီ တိုင်ကြားခဲ့ တာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ကြေညာချက်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အမိန့်စာအရ တိုင်းစည်ပင်သာယာရေးအဖွဲ့ကနေ စစ်ဆေးအရေးယူပေးဖို့ ရေကြည်မြို့ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။