ယင်းမာပင်မှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဝင်ရောက်
2014.03.07

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုံတုံပင်ရွာမှာ ရဲတပ်ရင်းဆောက်ဖို့ ကျေးရွာသားတွေထံက မြေဧက ၁၀၀ ကျော်သိမ်းယူခဲ့ပြီးနောက် အဲဒီဒေသကို မတ်လ ၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က မြေထိုးစက်တွေနဲ့ အင်အားသုံး ဝင်ရောက်ဖယ်ရှားခဲ့ပါတယ်။ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး၊ မုံရွာမြို့က ရဟန်းတစ်ပါးနဲ့ ဒေသခံ ၂ဦး ဒါဏ်ရာရရှိပြီး ရွာသား ၄ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေ က ပြောပါတယ်။
အုံတုံပင်ရွာမှာ ရဲတပ်ရင်းအမှတ် ၂၈ ဆောက်လုပ်ရန် အတွက် ဒေသခံတွေကို သက်ဆိုင်ရာက လျော်ကြေး အဖြစ် တစ်ဧကပိုင်ဆိုင်သူကို ပေ ၆၀ ပေ ၄၀ မြေနှစ်ကွက်သာပေးပြီး သီးနှံပင်ရော်ကြေးနဲ့ တခြားရော်ကြေးမရတာကြောင့် ဒေသခံတွေ မကျေမနပ်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်တာလို့ သိရပါတယ်။ မနေ့မနက်ပိုင်းမှာ အဲဒီဒေသကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဂုဏ်တောရွာက ကိုမိုးမင်းဦးက ခုလိုပြောပါတယ်။
"ခုခံတယ်၊ ပြောတယ်၊ ဆိုတယ် နောက်ပိုင်းကျတော့ ဒေါသအလျှောက် မထိန်းနိုင်တဲ့အနေအထားမှာ တုတ်တို့၊ ခဲတို့ ပါသွားတဲ့အနေအထားလေး ဖြစ်သွားတယ်၊ ရဲတွေကတော့ ဒိုင်းနဲ့ နောက်တုတ်နဲ့ ရိုက်တယ်၊ ရဲအင်အားနဲ့ လူအင်အား မမျှတဲ့အနေအထားဆိုတော့ ဦးဇင်းတို့၊ ဒေသခံတို့ နည်းနည်းထိတဲ့အပိုင်းမှာရှိတယ်"
အဲဒီဒေသကို ဝင်ရောက်ခဲ့တဲ့ ရဲအင်အားက ၃၀၀ ခန့်ရှိပြီး ရွာသူရွာသားတွေက ၅၀ ခန့်သာရှိတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ထန်းပင်၊ ရှားပင်နဲ့ စားသောက်ပင်တွေကို မြေထိုးစက်တွေနဲ့ ထိုးပစ်ဖျက်စီးလိုက်ပါတယ်။ ဒါဏ်ရာရရှိတဲ့သံဃာဟာ မုံရွာမြို့၊ ဝေဠုဝန်ကျောင်းတိုက်က ဦးဇနက ဖြစ်ပြီး မုံရွာဆေးရုံမှာ တက်ရောက်ကုသနေ တယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးနဲ့ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။