ဂန့်ဂေါက ရွာတွေကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေ

RFA Burmese
2024.08.11
ဂန့်ဂေါက ရွာတွေကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် လာပို့ရွာမှ ဒေသခံများ ထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလက တွေ့ရစဉ်။
Citizen Photo

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာရှိတဲ့ရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဥ် ဆက်တိုက် အဆက်မပြတ် ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါကနေ ဆယ်မိုင်ပတ်လည် အကွာအဝေးမှာရှိတဲ့ စိုင်ဒူး၊ အောင်မြင်၊ ဇာဟော၊ အနောက်ဂန့်ဂေါ၊ ရှုံးရှီ၊ အုတ်လှ၊ ပိတောက်ကုန်း၊ လာပို့ စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၁၅ ရွာခန့် လက်နက်ကြီးဒဏ် ခံနေရတာပါ။

အဲဒီရွာတွေမှာ ဒေသခံလက်နက်ကိုင် PDF တပ်တွေ စစ်ရေးလှုပ်ရှားနေတယ်လို့ ယူဆပြီး တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က တစ်ဖက်သတ် ပစ်ခတ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဂန်ဂေါမြို့အခြေစိုက် ခလရ - ၅၀ တပ်ကနေ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

အခုလို ဆက်တိုက်ပစ်ခတ်နေတာ လအနည်းငယ်ကြာပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကနေစလို့ အကြိမ်ရေ ပိုပိုစိတ်ပြီး ပိုပိုဆိုးလာတာလို့လည်း ပြောကြပါတယ်။

“လက်နက်ကြီးကြောင့် ဒေသခံတစ်သောင်းခန့် ရွာတွေမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြပါတယ်”

သြဂုတ် ၉ ရက်နေ့ကလည်း ဂန့်ဂေါမြို့ကနေ မြစ်သာမြစ်အနောက်ဘက်ခြမ်းကို လက်နက်ကြီးနဲ့ အကြိမ်ရေ ငါးဆယ်ထက်မနည်း ပစ်ခတ်တာကြောင့် စိုင်ဒူးရွာက အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၃ ရက်နေ့ကတော့ ခလရ - ၅၀ တပ်ကနေ လာပို့ရွာကို လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နောက်ထပ် ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ လာပို့ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးက ၁၅ လုံး အလုံးနှစ်ဆယ်လောက် ထုတာပေါ့လေ။ ကျောင်းဆင်းချိန်လည်း ဖြစ်နေတော့ ကျောင်းသားလေးတွေလည်း ထိတယ်။ ပြီးတော့ အရပ်သားတွေလည်း သေတာပေါ့ဗျာ။ ဒဏ်ရာရတာတွေက ပြည်သူတွေကတော့ ပိုဆိုးတာပေါ့ဗျာ။ တစ်အိမ်တည်းနဲ့ မိသားစုသုံးဦးလုံး ဖအေရော၊ မအေရော၊ သမီးရော အကုန်ထိတာတွေလည်းရှိတယ်”

သေဆုံးသူတွေက လာပို့ရွာခံ အသက် ၄၅ နှစ်အရွယ် ဦးမြင့်ဆွေဦးနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာဝင်ထားသူ အထွေထွေအုပ်ချုပ်ရေးဦစီးဌာနက ဝန်ထမ်းဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် မဇင်မာမြင့်တို့ ဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတာ၊ လေကြောင်းကနေ ပစ်ခတ်တာအပြင် လက်ရှိမှာ ရုတ်တရက် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့အန္တရာယ်တစ်ခုပါ ထပ်တိုးလာတာကြောင့် စိုးရိမ်သောက ရောက်နေရတယ်လို့ ဂန်ဂေါဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းထိုးတဲ့ အန္တရာယ်ရောပေါ့လေ။ ပြီးတော့ လက်နက်ကြီးနဲ့လည်း သူတို့က လှမ်းလှမ်းထုတာရော၊ ပြီးတော့ လေယာဥ်လာရင်လည်း ကြောက်ရသေးတာဗျ။ လက်နက်ကြီးသံ ကြားရတဲ့အချိန်မှာတော့ ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူးပေါ့ဗျာ။ သူ့အိမ်ကိုယ့်အိမ် ဒဏ်ခံနိုင်တဲ့ နေရာလေးတွေမှာပဲ ပြားဝပ်နေကြရတော့တာပေါ့။ ကျွန်တော်တို့ ဒေသခံတွေကတော့ ခဏခဏပေါ့လေ၊ ပြေးနေရတာပေါ့။ ညအိပ်ရင်လည်း ဖြောင့်ဖြောင့်သာသာ မအိပ်ရပါဘူးဗျာ”

RFA ရဲ့ စာရင်းတွေအရ ဂန့်ဂေါမြို့နယ်မှာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့အထိ လက်နက်ကြီးကြောင့် အရပ်သားကိုးဦး သေဆုံးပြီး ဒဏ်ရာသူတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ လက်နက်ကြီးကြောင့် ဒေသခံတစ်သောင်းခန့် ရွာတွေမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ဂန့်ဂေါမှာ လက်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး သေဆုံး


ဒါကြောင့် ဂန့်ဂေါမြို့ပေါ်ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ - ၅၀၊ မြို့မရဲစခန်းနဲ့ ခရိုင်ရဲစခန်းတွေကို တိုက်ထုတ်နိုင်မှသာ လက်နက်ကြီးရန်ကနေ ကင်းဝေးနိုင်မယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ဒေသခံတွေကို လက်နက်ကြီးအန္တရာယ် သတိပြုဖို့ နှိုးဆော်ထားပါတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျေးရွာတစ်ရွာတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ ယောအလင်းတန်း)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျေးရွာတစ်ရွာတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ ယောအလင်းတန်း)

စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဂန့်ဂါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒေသခံတွေကို လက်နက်ကြီးအန္တရာယ် သတိပြုဖို့ နှိုးဆော်ထားတယ်လို့ RFA ကို ပြောပါတယ်။

“အခုကတော့ အားလုံး သတိ၊ ဝီရိယနဲ့နေကြဖို့ အရင်ကမလုပ်ခဲ့ရင်လည်း ဗုံးခိုကျင်းနဲ့ ဘေးကင်းရန်ကွာတဲ့နေရာ၊ လက်နက်ကြီးဒဏ် ခံနိုင်တဲ့နေရာမှာ ညွှန်ကြားချက်အတိုင်း နေဖို့၊ ပြီးတော့ ကျွန်တော်တို့လည်း လက်ကမ်းစာစောင်တွေနဲ့ ဖြန့်ဝေပြီးတော့မှ အကုန်လုပ်ထားပါတယ်ဗျ”

ဇူလိုင်လထဲမှာပဲ အောင်မြင်ရွာနဲ့ ရှုံးရှီရွာကြားက ပလောချောင်း တံတားကိုလည်း စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး ဂန့်ဂေါမြို့နဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအပိုင်းအခြားလိုက် နှစ်ဖက်အပြန်လှန် ပိတ်ဆို့မှုတွေရှိနေတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးသွားပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဂန့်ဂေါမြို့နယ် အပါအဝင် မကွေးတိုင်း တစ်တိုင်းလုံးမှာ စုစုပေါင်း အရပ်သား ၁၁၇ ဦး သေဆုံးပြီး ဒဏ်ရာရသူကတော့ ၁၆၅ ဦးအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။