မြန်မာကို တောင်ကိုးရီးယား စစ်သင်္ဘောတည်ဆောက်ပေး

ဖြူဖြူခိုင်
2019.11.04
warship-622 မုတ္တမ အမည်ရှိ စစ်သင်္ဘော Makassar Class/ LPD vessel ကို တွေ့ရစဥ်
Photo: VL.RU

တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးမှာ ဘက်စုံသုံးနိုင်တဲ့၊ ဘောလုံးကွင်းတစ်ကွင်းစာ ဝန်းကျင်ရှည်လျားတဲ့ မုတ္တမ အမည်ရှိ စစ်သင်္ဘော Makassar Class/ LPD vessel ဟာ တောင်ကိုးရီးယားနိုင်ငံက ထွက်ခွာလာပြီးတော့ မြန်မာပြည်ကို မလာခင် ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့မြို့ကို နိုဝင်ဘာ ၂ ရက်နေ့က သွားခဲ့တယ်လို့  ရုရှားမီဒီယာ ဖော်ပြချက်တစ်ခုကို ကိုးကားပြီး Naval News အွန်လိုင်းသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက LPD vessel ကို တောင်ကိုးရီးယားနိုင်ငံကနေ တည်ဆောက်ပေးတာဖြစ်ကြောင်း RFA ကို အတည်ပြုပါတယ်။ မုတ္တမ လို့ အမည်ပေးထားတဲ့ ဒီစစ်သင်္ဘောက တပ်တော်မဝင်ရသေးပါဘူး။ တပ်တော်ဝင် အခမ်းအနားကို ဒီဇင်ဘာဝန်းကျင်မှာ ကျင်းပလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။

“ဒီသင်္ဘောက မျိုးစုံသုံးလို့ရတယ်။ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက်လည်း သုံးလို့ရတယ်။ စစ်ဘက်ဆိုင်ရာအတွက်တင် မကဘူး၊ သဘာဝဘေးအန္တရာယ်အတွက် ကယ်ဆယ်ရေးလည်း သုံးလို့ရပါတယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီသင်္ဘောက လက်နက် တပ်ဆင်လို့ရတယ်ဆိုပေမယ့် သင်္ဘောကို ကာကွယ်ရေးအတွက် တပ်ဆင်တဲ့ လက်နက်ပဲ များပါတယ်”

စစ်ဖက်ဆိုင်ရာလေ့လာသူတွေက ဒီစစ်သင်္ဘောအမျိုးအစားဟာ လေယာဉ်တင်သင်္ဘောတွေ မပိုင်ဆိုင်သေးတဲ့ နိုင်ငံငယ်တွေက အဓိကထား အသုံးပြုလေ့ရှိကြောင်း မှတ်ချက်ပြုကြပါတယ်။

မီတာ ၁၂၂ ဝန်းကျင် ရှည်လျားတဲ့ ဒီစစ်သင်္ဘောရဲ့ ဝမ်းဗိုက်မှာ တင့်ကားအရေအတွက် ဆယ်ဂဏန်း ထည့်သွင်းတင်ဆောင်နိုင်ပြီးတော့၊ အပေါ်မှာလည်းပဲ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အတက်အဆင်းပြုနိုင်တဲ့ ကွင်း နှစ်ခုပါ ရှိပါတယ်။ ဒီသင်္ဘောဟာ မြန်မာနိုင်ငံ ရေတပ်ရဲ့ အကြီးဆုံးသင်္ဘောအဖြစ် မှတ်တမ်းဝင်မှာပါ။

လက်ရှိမြန်မာနိုင်ငံမှာ Frigate အမျိုးအစား ဆင်ဖြူရှင်နဲ့ ကျန်စစ်သား အဆင့်မြင့်ရေယာဉ်တွေ ရှိပြီးတော့၊ ဝေဟင်-မြေပြင်ပစ် တရုတ်ထုတ် ဒုံးလက်နက်တချို့ တပ်ဆင်ထားကြောင်း နိုင်ငံတာက စစ်ဖက်လေ့လာရေး ဝက်ဆိုက်တချို့မှာ  ဖော်ပြထားပါတယ်။

ရေတပ်ကို အဆင့်မြှင့်တင်တဲ့အနေနဲ့လည်း ယခုနှစ်အစောပိုင်းမှာပဲ အိန္ဒိယနိုင်ငံဆီက တစ်ပတ်ရစ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောတစ်စင်း ဝယ်ယူခဲ့ပါသေးတယ်။ အဲဒီမတိုင်ခင်ကလည်း အိန္ဒိယထုတ် တော်ပီဒိုတွေလည်း ဝယ်ယူပြီးတော့ အဆင့်မြှင့်တင်ခဲ့ပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းက စစ်သင်္ဘောဝယ်ယူမှုဟာ တပ်မတော်နဲ့ တောင်ကိုးရီးယား ဆက်ဆံရေး ကောင်းမွန်တဲ့အချက်ကို ပြသရာရောက်တယ်လို့ ယူဆကြောင်းနဲ့ ယခင်နှစ်တွေကတည်းက ကြိုတင်မှာယူထားပုံရတယ်လို့ မှတ်ချတ်ပြုပါတယ်။

“နောက်တစ်ခုက ဆန်ရှင်ချတဲ့ မူဝါဒတွေဘာတွေကို ကိုရီးယားက ဂရုမစိုက်ဘူး ထင်ပါတယ်။ သူတို့ရေယာဉ်မှာတာက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မှာတာ။ အရင်ကတည်းက လုပ်ထားတဲ့ သဘောတူညီချက်တွေလို့ ထင်ပါတယ်”

ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaing UK အဖွဲ့ရဲ့ ဒါရိုက်တာ Mark Farmaner ကတော့ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတွေက ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေးကို ထောက်ခံမယ်ဆိုရင်တော့ တပ်မတော်ကို ကိုးရီးယားနိုင်ငံက လက်နက်ရောင်းချတာ အဆုံးသတ်နိုင်မှာဖြစ်ကြောင်း ပြောပါတယ်။

“ဒေဆန်းကုမ္ပဏီကို လက်နက်ထောက်ပံ့မှု သို့မဟုတ် တပ်မတော်နဲ့စီးပွားရေးလုပ်လို့ ကျနော်တို့ရဲ့ အမည်ပျက်စာရင်းမှာ ထည့်သွင်းသွားမှာပါ” လို့ Mark Farmaner က ပြောပါတယ်။

မာကာဆာ အမျိုးအစားမှာ ဘာတွေပါလဲ?

တကယ်တော့ မြန်မာ့ရေတပ်ဟာ မာကာဆာ အလတ်စား တိုက်ခိုက်ရေးရဟတ်ယာဉ်တင် သင်္ဘောကို မျက်စိကျနေတာ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်တယ်၊ အင်ဒိုနီးရှားရေတပ်နဲ့ Makassar Class LPD တွေ ဝယ်ယူမယ့်ကိစ္စတွေကို ဆွေးနွေးဖူးတယ်လို့ Janes Defense ဝက်ဆိုက်မှာ ရေးသားထားပါတယ်။ မာကာဆာ အမျိုးအစားဟာ တောင်ကိုးရီးယားနိုင်ငံ ဘူဆန်အခြေစိုက် ဒေဆန်းကုမ္ပဏီရဲ့ ထုတ်ကုန်ပါ။

၂၀၀၄ တုန်းက အင်ဒိုနီးရှားရေတပ်ဟာ ဘက်စုံသုံး အလတ်စားစစ်ရေယာဉ်ကို ဒေဆန်းကုမ္ပဏီကနေ LPD vessel လေးစီးထိ ဝယ်ယူပြီးတော့ အဲဒီတုန်းက ကန်ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်နဲ့ ဝယ်ယူတာဖြစ်တယ်လို့ Naval Technology ဝက်ဆိုက်ဖော်ပြချက်အရ သိရပါတယ်။ အဲဒီကာလတုန်းက တစ်စင်းတန်ကြေး အနည်းဆုံး ဒေါ်လာ ၃၇ သန်းရှိပါတယ်။

ပထမ နှစ်စင်းကိုတော့ ဒေဆန်းက တိုက်ရိုက်ကြီးကြပ်ဆောက်ပေးတာဖြစ်ပြီးတော့ နောက်နှစ်စင်းကိုတော့ Daewoo ဒေဝူးက ဆောက်လုပ်ပေးတာဖြစ်ပါတယ်။ သင်္ဘောတစ်စင်းရဲ့ တင်နိုင်ဝန်အားဟာ တန်ချိန် ၇,ဝဝဝ ကျော်ပါတယ်။

အင်ဒိုနီးရှားရေတပ်အသုံးပြုတဲ့ မာကာဆာစစ်သင်္ဘောမှာ လေယာဉ်ပစ်သေနတ် ၄၀ မမ ကို အသုံးပြုထားပြီးတော့၊ ၅.၃ ကီလိုမီတာ အကွာအဝေးထိ ပစ်ခတ်နိုင်တဲ့ ဝေဟင်ပစ်ဒုံးတွေလည်း တပ်ဆင်ထားပါတယ်။ သင်္ဘောကိုယ်ထဲမှာ ကားဘီးတပ် အပေါ့စားတိုက်ခိုက်ရေး ၃၅ စီးတင်ဆောင်နိုင်ပြီးတော့၊ တိုက်ခိုက်ရေးသံချပ်ကာတွေနဲ့ တခြားတိုက်ခိုက်ရေးယာဉ်တွေလည်း သယ်ဆောင်နိုင်ကြောင်း သိရပါတယ်။ သင်္ဘောမှာပါတဲ့ ဝန်ထမ်းဦးရေ ၁၂၀ ကျော် အပါအဝင်၊ နောက်ထပ် တပ်သားဦးရေ ၃၅၀ ကျော် တင်ဆောင်နိုင်ကြောင်း ဖော်ပြထားပါတယ်။ သင်္ဘောဟာ ပင်လယ်ထဲမှာ တစ်လကြာတဲ့အထိ နေနိုင်ပါတယ်။

လက်ရှိအချိန်မှာ မာကာဆာ အမျိုးအစား Makassar Class LPD ကို ပီရူး၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရေတပ်တွေမှာလည်း အသုံးပြုလျှက်ရှိပါတယ်။

လေ့လာသူတွေရဲ့ သုံးသပ်ချက်

တပ်မတော်အရာရှိ ဖြစ်ခဲ့ဖူးသူတချို့နဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးက LPD vessel ကို တပ်မတော်နဲ့ ကိုးရီးယားဒေဆန်းတို့ ၂၀၁၈ ဝန်းကျင်တုန်းက လက်မှတ်ထိုးတယ်လို့ ကြားသိရကြောင်းနဲ့ တောင်ကိုးရီယားမာ သင်္ဘောဆောက်ပြီးလို့ ရေချတဲ့အခါမှ သိရှိရကြောင်းပြောပါတယ်။ သင်္ဘောအရှည်က မီတာ ၁၀၀ ကျော်တာမို့ မြန်မာနိုင်ငံမှာ အရှည်ဆုံး စစ်သင်္ဘောဖြစ်လာတယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။

“တောင်ကိုရီးယားက ရောင်းတဲ့အထဲမှာ လက်နက်တပ်ဆင်ထားတာတော့ မပါဘူး။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းမှာ သုံးဖို့အတွက် အဓိက အဲဒီခေါင်းစဉ်အောက်ကနေ ဝယ်ထားတာ။ လက်နက်စနစ်တော့ မပါဘူး။ သင်္ဘောကိုယ်ထည်သီးသန့်ပဲ” လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

အဓိက သူ့ဝမ်းပိုက်ထဲမှာ ကမ်းထိုးရေယာဉ်လေးတွေ တင်ဆောင်နိုင်တယ်၊ ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့တွေကို ဝမ်းပိုက်ထဲမှာ ထည့်သွားပြီးတော့ လိုအပ်ချိန်မှာ စစ်ဆင်ရေးတွေ လုပ်နိုင်တယ်၊ သင်္ဘောနောက်ပိုင်းမှာ ရဟတ်ယာဉ်ဆင်းလို့ရတဲ့ ပလက်ဖောင်း ပါဝင်တယ်၊ ရဟတ်ယာဉ် ထည့်သိမ်းလို့ရတဲ့နေရာလည်း ပါတာမို့၊ ကြည်း-ရေ-လေ ဘက်စုံသုံးလို့ရတယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုရဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းက တပ်မတော်က ဝယ်ယူတဲ့ ရေယာဉ်ဟာ ထောက်ပို့ယာဉ်နဲ့ တူကြောင်း၊ ရဟတ်ယာဉ်ပါတော့ သင်္ဘောမြုပ်တာတို့ ရေကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်လို့ရကြောင်း ပြောပါတယ်။

“ရေတပ်မှာ ရိုးရိုးသင်္ဘောထက်စာရင် ဒီလိုမျိုး ရဟတ်ယာဉ်တင်လို့ရတဲ့ သင်္ဘောကျတော့ ရဟတ်ယာဉ်တွေကပါသုံးပြီး တချို့လုပ်ငန်းတွေ ပိုထိထိရောက်ရောက် လုပ်လို့ရတဲ့ သဘောမျိုးထင်ပါတယ်” လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

တရုတ်လည်း LPD ထုတ်၊ ဒါပေမဲ့ ကိုးရီးယားကို ပိုကြိုက်

တပ်မတော်က ဝယ်ယူတဲ့ မာကာဆာအမျိုးအစားနဲ့ဆင်တူတဲ့ LPD vessel ကို တရုတ်နိုင်ငံ Hudong-Zhonghua သင်္ဘောတည်ဆောက်ရေးကုမ္ပဏီကလည်း ရောင်းချလျှက်ရှိပါတယ်။ အဲဒါက တရုတ်ပြည်သူ့တပ်မတော် PLA Navy ရဲ့ စက်ရုံတစ်ရုံဖြစ်ပါတယ်။

ဒါပေမဲ့ တပ်မတော်က တရုတ်နိုင်ငံက ထုတ်တဲ့ LPD vessel ကို မဝယ်ယူခဲ့ဘဲနဲ့ ကိုးရီးယားထုတ်ကို ရွေးချယ်ဝယ်ယူခဲ့တာပါ။ တရုတ်ထုတ် LPD ရဲ့ အရှည်က မီတာ ၂၁၀ ဝန်းကျင်ရှိပါတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ကိုးရီးယားကထုတ်တဲ့ LPD ထက် နှစ်ဆနီးပါး ရှည်လျားပါတယ်။ ဝန်တင်နိုင်အားဟာ နှစ်သောင်းခွဲဝန်းကျင်ရှိပါတယ်။ နောက်ဘက်မှာ ဟယ်လီကော်ပတာ နှစ်စင်းဆင်းနိုင်တဲ့ ကွင်းပါပြီးတော့၊ ရေတပ် တပ်ရင်းတစ်ခုစာ တင်ဆောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ မရိန်းတပ်သား ၈၀၀ ဝန်းကျင်နဲ့ တခြား စစ်ဖက်ဆိုင်ရာ အသုံးအဆောင်တွေလည်း တင်ဆောင်နိုင်ကြောင်းရေးသားထားပါတယ်။  သင်္ဘောမှာ ရေပြင်၊ ဝေဟင်ထောက်လှမ်းတဲ့ ရေဒါပါဝင်သလို၊ ဝေဟင်ပစ်ဒုံးတွေလည်း  တပ်ဆင်ထားပါတယ်။ သင်္ဘောဟာ ကမ်းမကပ်ဘဲ ပင်လယ်ထဲမှာ နှစ်လဝန်းကျင်နေနိုင်ပါတယ်။

တရုတ်နိုင်ငံထုတ် LPD စစ်သင်္ဘောမဝယ်ရတဲ့ အကြောင်းရင်းတော့ တပ်မတော်မှာ ရှိနေပါတယ်။

“နိုင်ငံတကာ လက်နက်ဝယ်ယူရေးမှာ စွမ်းရည်နှိုင်း ယှဉ်တယ်။ ဈေးနှုန်းနှိုင်းယှဉ်တယ်။ ရေရှည်အတွက်လည်း နှိုင်းယှဉ်တယ်။ ပစ္စည်း အလွယ်တကူ ရနိုင်မှုတို့ကို နှိုင်းယှဉ်တယ်။  နိုင်ငံတိုင်းကတော့ မိမိနိုင်ငံ အနေအထားနဲ့ အသုံးဝင်မှုကိုကြည့်ပြီး တည်ဆောက်တာ။ ကျွန်တော်တို့လို  ဝယ်ယူတဲ့နိုင်ငံတွေကတော့ အဲဒီနိုင်ငံမှာ သုံးနေတာတွေနဲ့ မိမိနိုင်ငံအနေအထားနဲ့ ကိုက်ညီမှု ရှိမရှိကို စိစစ်ပြီးမှ ဝယ်ယူတာပါ” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပြပါတယ်။

ရုရှားမီဒီယာကို ကိုးကားပြီး Naval News မှာ ဖော်ပြထားချက်အရ မုတ္တမသင်္ဘောကို သိန်းသာဆိုတဲ့ အရာရှိက ဦးစီးပြီးတော့ ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာပဲ ရုရှားကနေ မြန်မာနိုင်ငံကို ထွက်ခွာလာမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။