တောင်ကိုးရီးယားထုတ် စစ်သင်္ဘောတွေ မြန်မာရေတပ် စသုံး
2019.12.25

တောင်ကိုးရီးယားနိုင်ငံကနေ တည်ဆောက်ပေးတဲ့ Makassar Class / LPD Vessel မာကာဆာအမျိုးအစား ဘက်စုံသုံး စစ်သင်္ဘော မုတ္တမ အပါအဝင် ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေး ရေယာဉ် မြစ်ကြီးနား၊ ၂၇ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ် နှစ်စီး၊ ၂၆ မီတာ ပင်လယ်သွား တွဲ/ဆွဲ ရေယာဉ် နှစ်စီးနဲ့ မြစ်အတွင်းသွား ရေယာဉ် နှစ်စီး၊ စုစုပေါင်း ခုနှစ်စင်းဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်တိုင်း သီလဝါမှာရှိတဲ့ တပ်မတော် (ရေ) မှာ စတင်တာဝန်ထမ်းဆောင်ပါတယ်။
ဖွင့်ပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။ သတင်းမီဒီယာတွေကို မုတ္တမစစ်သင်္ဘောပေါ် တက်ရောက်လေ့လာခွင့် ပေးခဲ့ပေမယ့် မှတ်တမ်းဗီဒီယို၊ ဓာတ်ပုံ ရိုက်ကူးခွင့် မပြုခဲ့ပါဘူး။
ဒီရေယာဉ်ဟာ လက်နက်တပ်ဆင်ထားတာ မရှိဘဲ ဝန်ထမ်း ၁၀၀ ကျော် လိုက်ပါနိုင်တဲ့အပြင် သံချပ်ကာယာဉ် ၁၆ စီး၊ ထရပ်ကား ၁၃ စီး၊ ကမ်းတက်ရေယာဉ် ၁ စီးနဲ့ ရဟတ်ယာဉ် ၂ စီး တင်ဆောင်နိုင်တဲ့ မြန်မာ့တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ ဘက်စုံသုံး အကြီးဆုံးရေယာဉ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် မုတ္တမ စစ်ရေယာဉ်ပေါ်မှာ ကုတင် ၁၇ ခုပါဝင်တဲ့ ဆေးရုံအသေးစားတစ်ခု ပါဝင်သလို ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်းတွေ၊ သွားဆေးကုခန်းတွေအပြင် ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ပါဝင်ပါတယ်။ Makassar Class / LPD Vessel ဘက်စုံသုံး ထောက်ပို့ရေယာဉ်အတွက် တပ်မတော်နဲ့ ကိုးရီးယားနိုင်ငံ ဘူဆန်အခြေစိုက် ဒေဆန်းကုမ္ပဏီတို့ ၂၀၁၈ ခုနှစ်တုန်းက လက်မှတ်ထိုးခဲ့ပြီး၊ ဒီနှစ်ထဲမှာ အပြီးလွှဲပြောင်းပေးခဲ့တာပါ။ သင်္ဘော ဝယ်ယူတဲ့ ကုန်ကျစရိတ်ကိုတော့ တပ်မတော်ဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။
တောင်ကိုးရီးယားနိုင်ငံကနေ Makassar Class / LPD Vessel ဘက်စုံသုံး ထောက်ပို့ရေယာဉ်ကို ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်အကြာကတည်းက စတင်သုံးစွဲနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက Makassar Class ကို ဒီနှစ်မှာ စတင်ပိုင်ဆိုင်တာဖြစ်ပါတယ်။
၂၀၀၄ တုန်းက အင်ဒိုနီးရှားရေတပ်ဟာ Makassar Class LPD ကို ဒေဆန်းကုမ္ပဏီကနေ LPD vessel လေးစီးထိ ဝယ်ယူပြီးတော့ အဲဒီတုန်းက ကန်ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်နဲ့ ဝယ်ယူတာဖြစ်တယ်လို့ Naval Technology ဝက်ဆိုက်ဖော်ပြချက်အရ သိရပါတယ်။ အဲဒီကာလတုန်းက တစ်စင်းတန်ကြေး အနည်းဆုံး ဒေါ်လာ ၃၇ သန်းရှိတဲ့သဘောပါ။
တပ်မတော်- ရေကို အင်အားတိုးချဲ့တဲ့အနေနဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံက အသုံးပြုပြီးဖြစ်တဲ့၊ ရုရှားနိုင်ငံထုတ် တစ်ပတ်ရစ် Kilo Class ရေငုပ်သင်္ဘောကိုလည်း ဒီနှစ်အစောပိုင်းမှာ လွှဲပြောင်းရယူခဲ့ပါသေးတယ်။ တစ်ပတ်ရစ် ကီလိုရဲ့ တန်ကြေး ဘယ်လောက်ရှိတယ်ဆိုတာ မသိရပါဘူး။
ရေငုပ်သင်္ဘောကို ဒီနှစ်တပ်တော်ဝင်အခမ်းအနားမှာတော့ မတွေ့ရပါဘူး။ တပ်မတော်သားဟောင်းတစ်ဦးဖြစ်တဲ့ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးနိုင်ဆွေဦးကတော့ လာမယ့် ၂၀၂၀ မှာ တပ်တော်ဝင်မယ်လို့ ခန့်မှန်းပါတယ်။