သတင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာနှစ်တစ်နှစ်
2018.11.05

ဒီနှစ်ဟာ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ စိုးရိမ်ဖွယ်ရာနှစ်ဖြစ်နေသလို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် နယ်ပယ်ဟာလည်း ပိုမိုကျဉ်းမြောင်းလာနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခေတ်နှင့်မလျော်ညီတော့ဘဲ ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို မျက်မှောက်ခေတ်ကာလအထိ အသုံးပြုနေဆဲ ဖြစ်တာကြောင့် လွတ်လပ်စွာသတင်းထုတ်ဖော်ခွင့်၊ ရေးသားခွင့်နဲ့ သတင်းတင်ပြခွင့်တို့ဟာ ကန့်သတ်ခံနေရဆဲ ဖြစ်ပြီး အဲဒီဥပဒေတွေကြောင့် သတင်းမီဒီယာတွေကို ခြိမ်းခြောက်နေတယ်လို့ AAPP က ကြေညာထားပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ သတင်းသမားများအပေါ် သက်ရောက်စေတဲ့ ရာဇဝတ်မှုများ ပြစ်ဒဏ် ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့မှာ AAPP က အခုလို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အကျင့်ပျက်ခြစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လပ်စွာ ဖော်ထုတ်ရေးသားတဲ့အခါ ဖိနှိပ် ပိတ်ပင်တာတွေဟာ ဒီမိုကရေစီ အကူးအပြောင်းကို ပိုမိုဆိုးရွားစေနိုင်တယ်လို့လည်း ဝေဖန်ထားပါတယ်။
သတင်းမီဒီယာတွေရဲ့ ဝေဖန်ရေးသားမှုတွေကို မှန်မမှန် မစိစစ်ဘဲ ရေးသားဖော်ပြသူတွေကို အရေးယူတာဟာ ဒီမိုကရေစီယန္တရားကို သွေဖယ်သွားနိုင်တယ်လို့ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် က အခုလိုပြောပါတယ်။
"သတင်းလွတ်လပ်ခွင့်ဆိုတာဟာ ဒီမိုကရေစီ အကူးအပြောင်းအချိန်မှာ သတင်းလွတ်လပ်ခွင့်တွေကို အပြည့်အဝ ပေးဖို့လိုတယ်၊ ဒီသတင်းမီဒီယာတွေကနေတစ်ဆင့် အစိုးရလူကြီးတွေက တိုင်းပြည်ထဲမှာ ဘာတွေဖြစ်နေတယ် ဆိုတာတွေကို ရယူနိုင်မယ်၊ ဒီသတင်းမီဒီယာမှာ ဖော်ပြလိုက်တဲ့အတွက်ကြောင့် သတင်းမှန်၏ မမှန်၏ကို မဆုံးဖြတ်တော့ဘဲနဲ့ သတင်းသမားတွေကို ၆၆ ဃ တွေနဲ့ တရားစွဲတာမျိုးတွေ နိုင်ငံတော်လျှို့ဝှက်ချက်မျိုးတွေနဲ့ တရားစွဲတာမျိုးတွေ၊ ဒါမျိုးတွေဖြစ်နေတာက ကျနော်တို့နိုင်ငံ ရပ်တန်းကရပ်သင့်ပြီ၊ ပြီးတော့ သတင်းမီဒီယာ သမားတွေကို တရားစွဲထားတဲ့ကိစ္စတွေအပြင် လက်ရှိ အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးသင့်တယ်လို့ ကျနော်တို့က ယူဆတယ်၊ ဒီအတွက်ကြောင့် ကျနော်တို့က အစိုးရကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တိုက်တွန်းနေတာဖြစ်ပါတယ်"
သတင်းသမားတွေကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မတွေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ အရေးယူအပြစ်ပေးတာတွေ ဒီနှစ်အတွင်း များလာတယ်လို့ ဆိုပါတယ်။
ဥပမာအနေနဲ့ အစိုးရလျှို့ဝှက်အက်ဥပဒေပုဒ်မနဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ပြည်ထဲရေးဝန်ကြီးဌာနက အမှုဖွင့်တရားစွဲထားပြီး ထောင် ၇ နှစ် ချမှတ်ခဲ့တာ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ဝေဖန်ဆောင်းပါးရေးသားခဲ့တယ်ဆိုပြီး Eleven မီဒီယာက သတင်းသမား ၃ ဦးတို့ကို အစိုးရကို အကြည်ညို ပျက်စေလို့ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမှုဖွင့်ထားတာ၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အခြေစိုက် တနင်္သာရီအပတ်စဉ်ဂျာနယ်ကိုလည်း တိုင်းအစိုးရကို သရော်စာ ရေးသားခဲ့တယ်ဆိုပြီး သတင်းမီဒီယာ ပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့တာတွေကို AAPP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က အခုလို ဝေဖန်လိုက်ပါတယ်။
"သာမန်ပြီးခဲ့တဲ့နှစ်တွေကထက်စာရင် ဒီနှစ်က ထူးထူးခြားခြားပဲနော် အခုမီဒီယာသမားတွေအတွက် အလားအလာ မကောင်းခဲ့တဲ့နှစ်ပေါ့ဗျာ၊ အစိုးရနဲ့ မီဒီယာကြားမှာ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း လုပ် ဖို့လိုတယ် မီဒီယာကလည်း မှန်တာကို ရေးသားဖော်ထုတ်ရဲဖို့လိုတယ်၊ အဲလိုဖြစ်လာခဲ့လို့ရှိရင် ထိပ်တိုက် ရင်ဆိုင်မှုတွေမှာ သက်ဆိုင်ရာမီဒီယာဥပဒေနဲ့ အရေးယူဖို့ အစကတည်းက အာမခံမပေးဘူးဆိုတာတွေက လုံးဝမဖြစ်သင့်တဲ့ကိစ္စတွေပေါ့နော် ဒါက အစိုးရရဲ့ သတင်းမီဒီယာတွေအပေါ်ထားတဲ့ စေတနာပေါ့ဗျာနော်"
ဝါရင့် သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ ဦးချစ်ဝင်းမောင် ကလည်း လက်ရှိအစိုးရနဲ့ သတင်းမီဒီယာတွေရဲ့ ဆက်ဆံရေးအခြေအနေကို အခုလိုပြောပါတယ်။
"သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထိန်းသိမ်းခံရတာတွေ တရားစွဲဆိုခံရတာတွေက အရင်ထက်ပိုပြီးတော့ များလာတယ် သတင်းမီဒီယာသမားတွေရဲ့ဘဝတွေ မလုံခြုံသလို ဖြစ်လာတယ် အစိုးရဖက်က သတင်းမီဒီယာ အပေါ်ထားတဲ့ သဘောထားကလည်း သတင်းမီဒီယာတွေကို လေးစားမှုမရှိဘူး။ ဥပမာ အလဲဗင်းက အယ်ဒီတာ ၃ ယောက်ကို ချက်ချင်း တရားစွဲပြီးတော့ ဖမ်းလိုက်တာမျိုးတွေက မဖြစ်သင့် တဲ့ကိစ္စတွေပေါ့နော်။ သတင်း မီဒီယာက သတင်းမီဒီယာအလုပ်ကိုလုပ်တယ် သူ့တာဝန်သူ ယူတယ်၊ ပြည်သူတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေပေးဖို့ သူလုပ်တယ်။ လုပ်ဆောင်တဲ့အခါမှာ ဘယ် သတင်းမီဒီယာမဆို အမှားအယွင်းဆိုတာ ရှိနိုင်တာပဲ ဒီအပေါ်မှာ ချက်ချင်းကြီးပဲ ရာဇဝတ်ပုဒ်မတွေနဲ့ ဖမ်းဆီးတာကတော့ ဆိုးရွားတာပဲ"
သတင်းသမားတွေကို ထိုးနှက်တိုက်ခိုက်တာ၊ ဖမ်းဆီးတာနဲ့ ခြိမ်းခြောက်တာတွေဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ မရှိသင့်တော့ကြောင်း၊ အစိုးရက လက်ရှိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့ မီဒီယာလောကကို ခြိမ်းခြောက်လျက်ရှိတဲ့ ဥပဒေတွေကို ရုပ်သိမ်းပေးဖို့ သတင်းသမားတွေကို ကြောက်ရွံ့သွားအောင် ဖန်တီးနေတာတွေ မလုပ်ဖို့ သတင်းလွတ်လပ်ခွင့်ကို ဖော်ဆောင်ခွင့်ပေးပါလို့ဆိုပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ အစိုးရဆီ တိုက်တွန်းအကြံပြုထားပါတယ်ခင်ဗျာ။