ရခိုင်မြို့နယ်သုံးခုမှာ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရ

RFA Burmese
2024.05.16
ရခိုင်မြို့နယ်သုံးခုမှာ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေရှားပါးနေသည့်ကျေးရွာများမှ ဒေသခံများအား ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံးက ရေလှူဒါန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Facebook/Ponnagyun Youths Association - PYA

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက ကျေးရွာပေါင်း တစ်ရာကျော်ခန့်မှာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံနေရပြီး မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးတာတွေအထိ ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျေးလက်နေဒေသခံတွေဟာ သောက်သုံးရေအတွက် ကန်ရေကို အဓိက အားထားကြရတာပါ။ အခုနှစ် နွေရာသီဟာ အရင်နှစ်တွေထက် ပိုမိုပူပြင်းပြီး ရေကန်အများအပြား ခန်းခြောက်သွားတာကြောင့် အခက်အခဲနဲ့ ကြုံနေကြရတာလို့ ပြောကြပါတယ်။

“သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် ဝမ်းရောဂါနဲ့ အရေပြားရောဂါ ဖြစ်တာတွေရှိပါတယ်”

ပုဏ္ဏားကျွန်းမြို့နယ်က မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ သောက်ရေရှားပါးပြီး မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးရတာကြောင့် ဧပြီလအတွင်းက ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး စစ်ဘေးဒုက္ခသည်သုံးဦး သေဆုံးသွားပါတယ်။ အခုလည်း နောက်ထပ် စစ်ဘေးဒုက္ခသည်တစ်ရာခန့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ဦးအောင်မြင့်က RFA ကို ပြောပါတယ်။

“သေသွားတာက ဝမ်းလျှောတယ်၊ အန်တယ်။ အဲဒါကြောင့် သုံးဦးသေသွားတယ်။ အဓိက အကြောင်းအရင်းကတော့ ရေနဲ့ အိမ်သာတွေကြောင့်ပဲ။ လူကြီးရော၊ ကလေးရော အကုန်လုံးဖြစ်တယ်။ သေသွားတဲ့ မသန္တာရွှေဆိုရင် ဆေးတစ်လုံးတောင် မသောက်လိုက်ရဘူး။ ဆေးဝါးရှားပါးတာတော့ မဟုတ်ဘူး။ ငွေမရှိဘူး။ ဆေးဝယ်ဖို့ ပိုက်ဆံမှမရှိတာ”

မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၃၀ ကျော်နဲ့ လူဦးရေ ခုနစ်ရာကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ဧပြီလကစလို့ သောက်သုံးရေ ရှားပါးနေတာဖြစ်ပြီး အကူအညီတွေလည်း မရတော့တာကြောင့် စားဝတ်နေရေးလည်း အတော်လေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေ ခက်ခဲနေတဲ့ရွာ ငါးဆယ်နီးပါးရှိတယ်လို့ ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံးက အသင်းသားတစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိ ရေရှားပါးတာကတော့ ရွာပေါင်း ၄၉ ရွာအထိရှိတယ်။ သောက်သုံးနေရတာက ရတဲ့နေရာက ရေသန့်သန့် မသန့်သန့် ရေဖြစ်ရင်ပြီးရော အဲဒီလို သောက်သုံးနေရတာ။ မနက်မိုးလင်းရင် မျက်နှာသစ်ဖို့ ရေတောင် မရှိတဲ့ရွာတွေရှိတယ်”

သောက်သုံးရေ ရှားပါးမှုကြုံနေရတဲ့ ကျေးရွာတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့သူတွေ အဓိက ခိုလှုံနေတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေရှားပါးနေသည့်ကျေးရွာများမှ ဒေသခံများအား ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံးက ရေလှူဒါန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/Ponnagyun Youths Association - PYA)
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေရှားပါးနေသည့်ကျေးရွာများမှ ဒေသခံများအား ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံးက ရေလှူဒါန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/Ponnagyun Youths Association - PYA)

ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာတော့ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတဲ့ကျေးရွာ ခြောက်ဆယ်ဝန်းကျင်ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီမြို့နယ်တွေမှာလည်း သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် ဝမ်းရောဂါနဲ့ အရေပြားရောဂါ ဖြစ်တာတွေရှိတယ်လို့ စေတနာ့ဝန်ထမ်းအဖွဲ့ တစ်ခုဖြစ်တဲ့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO)က ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ တွေ့ခဲ့ရသလောက်တော့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်ပေါ့နော်။ ဒီနေရာတွေမှာတော့ တခြားဒေသတွေနဲ့စာလို့ရှိရင် ရေရှားပါးတာကို တွေ့ရတယ်။ မသန့်ရှင်းတဲ့ရေတွေကို သောက်ရတယ်။ ဒါကြောင့် ဝမ်းရောဂါဖြစ်တာတွေ ရှိတယ်။ သုံးစွဲတဲ့ရေကလည်း မသန့်မရှင်းတဲ့ရေတွေကို သုံးနေရတဲ့အတွက် အရေပြားရောဂါ ဖြစ်တာတွေကိုလည်း တွေ့ရတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် (၁၆၆,၀၀၀) ရှိနေပါတယ်။

သောင်းနဲ့ချီတဲ့ နေရပ်စွန့်ခွာသူတွေစာ ရေရှားပါးမှုဒဏ်ခံရနိုင်ပြီး ရောဂါဘယထူပြောနိုင်ခြေရှိတယ်လို့ ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မေလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေ အဆင်မပြေသေးပေမယ့် မိတ်ဖက်အဖွဲ့အစည်းတွေကတော့ ဘေးဒဏ်သင့်တဲ့ဒေသတွေဆီ သောက်သုံးရေ ကူညီပေးဖို့ နည်းလမ်းတွေ ကြံဆလုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။