ကျွန်းလှမှာ ကလေးတစ်ဦးအပါအဝင် အရပ်သားရှစ်ဦး သတ်ဖြတ်ခံရ

2022.08.31
ကျွန်းလှမှာ ကလေးတစ်ဦးအပါအဝင် အရပ်သားရှစ်ဦး သတ်ဖြတ်ခံရ ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာမှ မီးလောင်ပျက်စီးနေသည့် နေအိမ်တစ်လုံးအား ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။
Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တည်ပင်ဆိပ်မှာ စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရုပ်အလောင်း ရှစ်လောင်းကို ဩဂုတ်လ ၂၉ ရက်နေ့မှာ ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ ကျွန်းလှ PDF က တာဝန်ရှိသူတွေက ပြောပါတယ်။

“ပြည်သူတွေ ဖမ်းမိတဲ့အချိန်မှာ ပစ်သွားတာပေါ့။ လေကြောင်းနဲ့ ပစ်တဲ့အချိန်မှာ ထိတာလည်းပါတာပေါ့။ မီးရှို့သတ်သွားတာတွေလည်း ပါတယ်။ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးပါတယ် ဆိုတာလည်း မှန်တယ်” လို့ ကျွန်းလှ PDF က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရှစ်လောင်းရှိကြောင်း အတည်ပြုနိုင်ပေမယ့် ရုပ်အလောင်းတွေ ပျက်စီးနေပြီဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါ ဖြစ်တာကိုတော့ အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ တည်ပင်ဆိပ်ရွာကို သြဂုတ်လ ၂၅ ရက်နေ့က ရောက်လာပြီး ၂၈ ရက်မှာ ပြန်ထွက်သွားပြီးနောက် ဒေသခံတွေက အလောင်းကို တွေ့ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကန့်ဘလူမြို့နယ် NLD စစ်ကိုင်းတိုင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်ကလည်း အလောင်း ၈ လောင်းကို အတည်ပြုနိုင်သော်လည်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ ခက်ခဲနေတယ်လို့ပြောပါတယ်။

“ရှစ်လောင်း အတည်ပြုနိုင်တယ်။ ၂၃ ရက်နေ့က စစ်ကြောင်းတွေထိုးပြီး တိုက်ပွဲဖြစ်တော့ အောင်ချမ်းသာတို့ လက်ခုတ်ပင်တို့ အဲနားလေးက ရွာတွေက တည်ပင်ဆိပ်တို့က ထွက်ပြေးကြတယ်။နောက်ရက်မှာ အောင်ချမ်းသာဘက်က စစ်ကြောင်းတွေကို ရဟတ်ယာဉ်နဲ့သယ်ပြီးမှ တည်ပင်ဆိပ်ဘက်ကို ရွှေ့လိုက်တော့ အဲရွာက ရွာပေါင်းစုံကဖြစ်နေတယ်။ တည်ပင်ဆိပ်ကပဲ ဆိုရင်တော့ ပျောက်တဲ့သူနဲ့ ပြန်တိုက်ကြည့်ရင် အတည်ပြုလို့ရတာပေါ့။ အခုဟာကို လေးငါးရွာက စုနေတယ်ဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့ခက်သွားတာပေါ့။ ”

စစ်ကောင်စီတပ်က တည်ပင်ဆိပ်ကျေးရွာသို့ ဝင်ရောက်တပ်စွဲထားချိန် ၄ ရက်အတွင်း ရွာထဲတွင်ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း (၂) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့ တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း စတဲ့မြို့နယ်တွေက ကျေးရွာ ၈ ရွာက နေအိမ် ၃၀၀ ကျော် မီးရှို့ခံထားရပြီး ပြည်သူ နှစ်သောင်းကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။