မွန်တစ်ပါတီတည်းဖြစ်ရေး မဖော်ဆောင်နိုင်ရင် ချောင်းဆုံ ပါတီဝင်တွေ နှုတ်ထွက်မည်


2016.10.31
dr-aungnaingoo-620.jpg ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးကို တွေ့ရစဉ်
.

လာမယ့် နိုဝင်ဘာလအတွင်း မွန်တမျိုးသားလုံးကိုယ်စားပြုတဲ့ မွန်ပါတီပေါ်ထွန်းရေး လမ်းစဉ်ကို ရေးဆွဲပေးဖို့နဲ့ အကောင်အထည်မဖော်နိုင်ရင် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ကြမှာဖြစ်ကြောင်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ က ပါတီဗဟိုထံ မနေ့က တောင်းဆိုလိုက် ပါတယ်။

အောက်ခြေလူထုတောင်းဆိုချက်အရ မွန်တစ်မျိုးသားလုံးကိုယ်စားပြုတဲ့ ပါတီတစ်ခုပေါ်ပေါက် လာမယ့် လမ်းကြောင်းပေါ်ေရာက်စေချင်လို့ တောင်းဆို တာလို့ ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

"တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီတစ်ခု ပေါ်ထွန်းလာရေးအတွက်ကိုလည်း လက်တွေကျကျ သွားနိုင်တဲ့လမ်းကြောင်းလည်း ကျနော်တို့ပါတီ အကြီးအကဲတွေက အကောင်ထည်ဖော်နိုင်စွမ်းမရှိဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့က အောက်ခြေကလူထုတွေတောင်းဆိုချက်အရ ဒီလနောက်ဆုံးထားပြီး ဒါကိုအကျေအလည်ဆွေးနွေးနိုင်ဖို့အတွက် ဗဟိုကော်မတီဝင်တွေပါတဲ့ အစည်းအဝေးတစ်ရပ်ကို လုပ်စေချင်တယ်၊ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီတစ်ခုပေါ်ထွန်းလာရေးအတွက်ကို ဘယ်လိုလမ်းကြောင်းမျိုးလုပ်မလည်းဆိုတဲ့ လမ်းကြောင်းကိုပေါ်စေချင်တယ် အဲလိုမျိုးလုပ်ဖို့ ကျနော်တို့ က တောင်းဆိုတာ"

အဲဒီတောင်းဆိုချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်မယ်ဆိုရင် ချောင်းဆုံမြိုနယ်မှာရှိတဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၁၅၀၀ ကျော်နဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေဟာ ပါတီကနေ နှုတ်ထွက်ကြမှာဖြစ် ပါတယ်။ ချောင်းဆုံမြို့နယ်ဟာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီဝင်အင်အား များတဲ့မြို့နယ်တစ်ခုလည်းဖြစ် ပါတယ်။

ပါတီပေါင်းစည်းရေးကို လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက မွန်သံဃာတော်တွေနဲ့ မွန်ပညာရှင်တွေက ဦးဆောင် ကြိုးပမ်းခဲ့ပေမယ့် ပူးပေါင်းနိုင်ခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာမှာ မွန်ပြည်သစ်ပါတီက ဦးစီးကျင်းပတဲ့ မွန်အမျိုးသားညီလာခံမှာလည်း လာမယ့် ရွေးကောက်ပွဲတွေမှာ မွန်ပါတီတစ်ခုတည်းကိုပဲ ရွေး ချယ်နိုင်ဖို့အတွက် မွန်ပါတီပေါင်းစည်းရေးကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။