NRPC ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်
2016.07.12

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
NRPC ကို အထောက်အကူပြုဖို့အတွက် အဖွဲ့ဝင် ၆ဦးပါဝင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အဖွဲ့ဝင် ၃ ဦးပါတဲ့ အကြံပေးအဖွဲ့ကိုလည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်မှတ်နဲ့ ဖွဲ့စည်းပေးလိုက်တယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။
"NRPC ကတော့ အမြင့်ဆုံးအဖွဲ့အစည်းအနေနဲ့ ဖွဲ့စည်းထားတာတွေ့ရတယ်၊ ငြိမ်းချမ်းရေးကော်မရှင် ကတော့ ခုနတုန်းက NRPC ကိုထောက်အကူပြုပြီးတော့ လုပ်ငန်းတွေဆောင်ရွက်ဖို့ ဖွဲ့တဲ့သဘောမျိုး ၆ ဦးပဲပါပြီးတော့ အကြံပေး ၃ ဦးနဲ့ သူရဲ့တာဝန်ကတော့ NRPC ကို ထောက်ပံ့ဖိုနဲ့ ကြိုတင်ပြင်ဆင် တဲ့ ကော်မတီရဲ့ ဆက်လုပ်ရမယ့်လုပ်ငန်းတွေကို လုပ်ရမယ့်သဘောလို့ အဲ့လိုထင်တယ်ဗျ"
NRPC မှာ ဒုတိယဥက္ကဌတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းတို့ကို တာဝန်ပေးထားပါတယ်။ ဒါ့အပြင် နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နိုင်သက်လွင်၊ တပ်မတော်ဖက်က ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး အပါအဝင် စုစုပေါင်း အဖ့ွဲဝင် ၇ဦး ပါဝင်ပါတယ်။
NRPC ရဲ့ လုပ်ငန်းတာဝန်တွေဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မူဝါဒတွေချမှတ်ဖို့၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး နည်းလမ်းရှာဖွေဖော်ထုတ်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဖို့တို့ဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မရှင်မှာ ဥက္ကဌအဖြစ် ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌအဖြစ် ဦးသိန်းဇော်၊ အတွင်းရေးမှူးအဖြစ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး တို့ ပါဝင်ပါတယ်။
အဲ့ဒီငြိမ်းချမ်းရေးကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေဟာ ၂၁ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းရာမှာ အဆင်ပြေချောမွေ့အောင် စီစဉ်ဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အောင်မြင်ရေးအတွက် NRPC ကို သင့်တော်တဲ့ နည်းလမ်းတွေ အကြံပြုချက်တွေ တင်ပြဖု့ိ၊ ငြိမ်းချမ်းရေးနဲ့ဆက်စပ်တဲ့ ဖံ့ွဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ NRPC ကိုယ်စား ဆောင်ရွက်ဖို့တို့ဖြစ်ပါတယ်။
အဲဒီကော်မရှင်အနေနဲ့ လိုအပ်တဲ့ အကြံဉာဏ်တွေရယူနိုင်ဖို့ အရင်အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ ဝန်ကြီးဟောင်း ဦးအောင်ကြည်၊ ဦးလှမောင်ရွှေ နဲ့ ဒေါက်တာမင်းဇော်ဦးတို့ ပါဝင်တဲ့ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
ဦးအောင်ကြည်ဟာ အရင်အစိုးရလက်ထက်မှာ အလုပ်သမားဝန်ကြီးနဲ့ ပြန်ကြားရေးဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြား ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။