ဒေါ်ခင်ဝင်း ဈာပန ကျင်းပ
2014.12.25

ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီစီမံကိန်းမှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း (၅၇နှစ်) ရဲ့ ရုပ်အလောင်းကို ဒီနေ့ မိုးကြိုးပြင်သုသာန်မှာ ဂူသွင်းသြင်္ဂိုဟ်ခဲ့ပါတယ်။
ပဋိပက္ခဖြစ်ခဲ့တဲ့ လိပ်ခွံတောင်ခြေမှာ ဒေါ်ခင်ဝင်း အတွက် အမှတ်တရ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အလားတူပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်အောင် အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့ တုံအလယ် ရွာသူ မယဉ်သွဲ့က ပြောပါတယ်။
"ဒေါ်ခင်ဝင်း ကိုယ့်လယ်ယာမြေကို ကာကွယ်ရင်း သေ ဆုံးရတာဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ကျမတို့ဒေသခံတွေနဲ့ မြန်မာပြည်သူပြည်သား အားလုံး က ယူဆပါတယ်၊ ဒေါ်ခင်ဝင်း သေ ဆုံးရတာကို နမူနာယူပြီးတော့ ရှေ့လျှောက် ဒီလိုမျိုးဖြစ်ရပ်တွေ မကြုံတွေ့ရအောင် နိုင်ငံတော်အစိုးရကနေပြီးတော့ တာဝန်ယူသင့်တဲ့အရာ ဖြစ်ပါတယ်လို့ ကျမဒီနေရာကနေ ပြော ကြားချင်ပါတယ်"
ဈာပနအခမ်းအနားကို ဆည်တည်း၊ ဇီးတော၊ တုံရွာ၊ ဖောင်းကား၊ ဝက်မှေး၊ မိုးကြိုးပြင်နဲ့ ကျောက်ဖြူ တိုင်ကျေးရွာတွေက ဒေသခံသုံးရာနီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ က လိပ်ခွံတောင်အနီး လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ် စဉ် ကျေးရွာသားတွေက တားမြစ်ရာမှာ လုံခြုံရေးက ပစ်ခတ်တာကြောင့် ဒေါ်ခင်ဝင်းဟာ သေနတ် ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က စိတ်မကောင်းစရာဖြစ်ရပ်လို့ ရှုမြင်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
"ကျေးရွာက ဆန္ဒပြတဲ့သူတွေအနေနဲ့ သေဆုံးထိခိုက်ဒဏ်ရာရမှုတွေ ရှိတာတွေရော၊ လုံခြုံရေးတာဝန် ယူဆောင်ရွက်နေရတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ထိခိုက်ဒဏ်ရာရတာမျိုးတွေရှိခဲ့တယ်၊ သမ္မတကြီးအနေနဲ့ စိတ်မကောင်းစရာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အဖြစ်အပျက်လို့မြင်တယ်"
သေဆုံးဒဏ်ရာရသူတွေကို နစ်နာကြေးပေးမှာဖြစ်ကြောင်းနဲ့ ခြံစည်းရိုးခတ်တာကို ရပ်ဆိုင်းဖို့ ညွှန်ကြားထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးကလည်း မနေ့က ပြောခဲ့ပါတယ်။
ဒီအတောအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ မြန်မာ့ဦးပိုင် ကုမ္ပဏီလီမိတက်နဲ့ ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံခွင့်တောင်းရာ ငြင်းပယ်ခံလိုက်ရပါတယ်။ တွေ့ဆုံခွင့်တောင်းတာကို ဦးပိုင်ကုမ္ပဏီရဲ့ ခွင့်ပြုချက်မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
ဘာကြောင့် ပဋိပက္ခတွေ နောက်တကျော့ ပြန်ဖြစ်ခဲ့သလဲဆိုတာကို ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို မေးမြန်းပြီး RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။