ဒိန်းမတ်သံအမတ်ကြီးနဲ့ စစ်တွေမြို့ခံတွေ တွေ့ဆုံ
2017.11.10

စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Peter Lysholt Hansen နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ကနေ တဘက်နိုင်ငံကို ထွက်ပြေးနေကြတဲ့ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး ဒေသခံတချို့နဲ့ စစ်တွေမြို့က Memory ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပါတယ်။
တဘက်နိုင်ငံကို ရောက်ရှိနေတဲ့ မွတ်စလင်တွေကို နိုင်ငံသားစိစစ်ပြီးမှသာ ပြန်လည်လက်ခံဖို့ ဒေသခံတွေရဲ့ သဘောထားကို ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ စစ်တွေမြို့ခံ ဦးသာပွင့် ကပြောပါတယ်။
"ကျနော်တို့ ဖြစ်စေချင်တာကတော့ အဲဒီမှာရှိနေတဲ့လူကို တစ်ခါတည်းနိုင်ငံသားဖြစ်နိုင်ဖို့ ပထမအဆင့်အနေနဲ့ နိုင်ငံသားစိစစ်ပြီးတော့ နိုင်ငံသားဖြစ်နိုင်တယ်ဆိုတဲ့လူမှသွင်း၊ လက်ခံ ဒါကတော့၊ ဒါပေမဲ့ အခုက အစိုးရက ၁၉၉၃ နဲ့ လက်ခံမယ် ဘာညာဆိုတော့ ဒီမြန်မာနိုင်ငံ ရခိုင်ဒေသမှာ နေခဲ့တယ်ဆိုတာ စာရွက်စာတမ်းတစုံတစ်ရာ မပြနိုင်ဘဲနဲ့ ဘယ်မှာနေခဲ့တယ်လို့ ဘင်္ဂလီတစ်ယောက်က ပါးစပ်ကပြောရုံလောက်နဲ့ လက်ခံတာကတော့ ကျနော်တို့က သဘောမတူဘူး"
ပြန်လည်လက်ခံတဲ့ မွတ်စလင်တွေကို ဘယ်လိုနေရာချထားမယ်ဆိုတာကို အစိုးရဘက်က ရခိုင်ဒေသခံတွေကို တိတိကျကျ ချပြပြောဆိုတာမရှိသေးပေမယ့် မူလနေထိုင်ခဲ့တဲ့နေရာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် သဘောတူမှာမဟုတ်ဘူးဆိုတာကိုလည်း ဆွေးနွေးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
မွတ်စလင်တွေဘက်က ရခိုင်ပြည်နယ်ကို "ရိုဟင်ဂျာနယ်မြေ" အဖြစ် တောင်းဆိုမှုတွေရှိတဲ့အပေါ်မှာ ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်ပူပန်တွေရှိနေတာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဒိန်းမတ်သံအမတ်ကြီးအဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကိုလည်း သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ သလို နှစ်ဖက်အသံကို နားထောင်ဖို့ အခုလိုတွေ့ဆုံတာဖြစ်တယ်လို့ပြောပါတယ်။
ဒိန်းမတ်သံအမတ်ကြီးနဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံခဲ့သလို ပြည်နယ်အစိုးရအဖွဲ့နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။