ဒိန်းမတ်မင်းသမီးက အမျိုးသမီး ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေထောက်ပံ့
2014.01.13

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့ ဒိန်းမတ်မင်းသမီး Mary က မြန်မာအမျိုးသမီးများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုဌာနတစ်ခု ထူထောင်ရေးအတွက် ရံပုံငွေ ထောက်ပံ့ခဲ့ပါတယ်။
ဒိန်းမတ် မင်းသမီး Mary ဟာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ ပက်တာဆန်နဲ့အတူ မြန်မာနိုင်ငံ အတွင်း လည်ပတ်ကြည့်ရှုခဲ့ပြီး၊ မြန်မာအမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒိန်းမတ်ငွေ ခရိုနာ ၈၅ သန်း လှူဒါန်းခဲ့ပါတယ်။
မြန်မာအမျိုးသမီးတွေ မလိုချင်ဘဲ ကိုယ်ဝန်မရရေး၊ HIV/AIDS အပါအဝင် လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကနေ ကာကွယ်ရေး၊ ကိုယ်ဝန်ဆောင်ကာလအတွင်း သေဆုံး မှု လျော့ကျရေး၊ သားဆက်ခြားရေးအစရှိတဲ့ လုပ်ငန်းတွေအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မြန်မာ့ရိုးရာယဉ်းကျေးမှုအရ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာရေးဖို့ ခက်ခဲပါတယ်၊ အဲဒါကြောင့် မြန်မာအမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ခန္ဓာအကြောင်း နားမလည်ကြဘဲ၊ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေအပါအဝင် အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ကြ ဘဲ ဖြစ်နေကြတယ်လို့ မင်းသမီး Mary က ပြောပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ ပက်တာဆန်ကလည်း အခု ကျန်းမာရေးစောင့်ရှောက်မှုဟာ မြန်မာအမျိုးသမီးတွေ၊ အမျိုးသားတွေအတွက် သားဆက်ခြားရေးအတွက် လိုအပ်တဲ့ အသိပညာနဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ကူညီမှာဖြစ်ပါတယ်။ ဒါမှ မြန်မာနိုင်ငံမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချတာတွေ၊ မလိုလားအပ်တဲ့ အကျိုးဆက်တွေ လျော့နည်းသွားမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ ကျန်းမာရေး အကူအညီ အစီအစဉ်မှာ နိုင်ငံပေါင်း ၄၀ အတွင်း ဆေးပေးခန်း ၆၂၀၊ နယ်လှည့် ဆေးပေးခန်း ၃၇၀ ပါဝင်တယ်လို့ သိရပါတယ်။