ကရင်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်သူ ၅ ဦးကို တရားစွဲ
2018.08.13

၆၈ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ခွင့်ပြုချက်မရှိဘဲ ကျင်းပတယ်ဆိုပြီး ကရင်အမျိုးသား အစည်းအရုံး KNU က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်အပါအဝင် ၅ ဦးကို ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရားစွဲလိုက်ပါတယ်။
မနေ့က သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ခဲ့ပေမယ့် ဆက်လက်ကျင်းပခဲ့လို့ တရားစွဲခံရတာလို့ ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။
"ဟင်္သာတမြို့နယ်က ကရင်ပြည်သူ့ပါတီက ခေါင်းဆောင်တွေ ဦးဆောင်ပြီး ကျင်းပတာပေါ့နော်၊ မြို့နယ် ကခေါ်ပြောတယ်၊ မကျင်းပဖို့လုပ်တယ်၊ အဲဒီပွဲမှာတော့ ကရင်လက်ချည်ပွဲနဲ့ ကျောင်းသူကျောင်းသားတွေ ဆုချီးမြှင့်တဲ့ပွဲပါ ပူးတွဲလုပ်တယ်၊ ကရင့်အာဇာနည်နေ့ဆိုင်းဘုတ်ကို ဖြုတ်ပေးဖို့ပေါ့နော်၊ ဒါကတော့ မဖြုတ်နိုင်ဘူး လို့၊ မြို့နယ်နဲ့ သူတို့ပြောကြတယ်၊ ကျနော်ရောက်သွားတော့ ကျနော့်ကိုလည်း လာ ညှိနှိုင်းကြတယ်၊ ကျနော်တို့ ဒါတော့မဖြုတ်ပေးနိုင်ဘူးလို့ လူမျိုးတစ်မျိုးရဲ့ အထွတ်အမြတ်ထားတဲ့ အလေးအနက်ထားတဲ့ နေ့ရက်ဖြစ်တယ်၊ လူမျိုးရဲ့ဂုဏ်သိက္ခာနဲ့ဆိုင်တော့ ဒါတော့မဖြုတ်နိုင်ဘူး"
မနေ့က အခမ်းအနား ကျင်းပနေစဉ်မှာ ခွင့်ပြုချက်မရှိဘဲ ကျင်းပလို့ဆိုပြီး ပုဒ်မ ၂၆ နဲ့ ပဒိုမန်းငြိမ်းမောင်၊ ကရင် ပြည်သူ့ပါတီက ခေါင်းဆောင် စောကျော်ကြီး တို့အပါအဝင် ၅ ဦး ကို တရားစွဲလိုက်တယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်ရှိလာတယ်လို့ သိရပါတယ်။
နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ ပျက်ပြားအောင်လုပ်တဲ့ အခမ်းအနား မဟုတ်သလို ကရင်တစ်မျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ဆက်လက်ကျင်းပခဲ့တာလို့ ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အခမ်းအနား မကျင်းပခင် ရက်ပိုင်းတွေမှာလည်း တားမြစ်ကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။
ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှာလည်း ကရင် အာဇာနည်နေ့ အခမ်းအနား ကျင်းပတာကို အုပ်ချုပ်ရေးအဖွဲ့တွေက လာရောက်တားမြစ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။