လပွတ္တာက မုန်တိုင်းရှောင် အရပ်သား ၅၀၀၀ ခန့် နေရပ်ပြန်

RFA Burmese
2023.05.15
လပွတ္တာက မုန်တိုင်းရှောင် အရပ်သား ၅၀၀၀ ခန့် နေရပ်ပြန် လပွတ္တာမြို့ပေါ်သို့ မုန်တိုင်းရှောင်ရန် ရောက်လာကြသည့် ဒေသခံများ နေရပ်ပြန်ကြသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Heart Laputta

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ကို တိမ်းရှောင်နေကြတဲ့ မုန်တိုင်းရှောင်ပြည်သူတစ်သောင်းကျော်ထဲက ၅၀၀၀ နီးပါးဟာ မေလ ၁၅ ရက်နေ့မှာ နေရပ်ကို ပြန်လည်ထွက်ခွာကြ ပြီလို့ ဒေသခံတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် ကျေးရွာတွေက အရပ်သားတွေဟာ လပွတ္တာမြို့ပေါ်ကို မေလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေကတည်းက တိမ်းရှောင်ခဲ့ကြတာပါ။

လပွတ္တာမြို့နယ်အတွင်းမှာ လေပြင်းတိုက်ခိုက်မှုရှိခဲ့ပေမယ့် ပျက်စီးမှုကြီးကြီးမားမားမရှိဘူး လို့ လူမှုကူညီရေးအဖွဲ့ လပွတ္တာနှလုံးသားရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"သစ်ကိုင်းတွေ ဘာတွေကျိုးတာ အနည်းအကျဉ်းလောက်ပဲဖြစ်တယ်။ ဘာမှ ကြီးကြီးမားမားမရှိဘူး။ ပြန်တာက အကုန်လုံးပြန်တာတော့မဟုတ်ဘူး။ မနက်ဖြန်မှ ပြန်မယ့်သူတွေလည်းရှိတယ်။ ဒီနေ့ပြန်တဲ့သူ ရှိမယ်"

မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ စတင် ဝင်ရောက်ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ကချင်ပြည်နယ် ဗန်းမော်မြို့တွေကို ဖြတ်ပြီး တရုတ်-မြန်မာနယ်စပ်မှာ မုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မုန်တိုင်းဦးတည် တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာတော့ ဆက်သွယ်ရေး တာဝါတိုင် ကျိုးကျပျက်စီးတာ၊ သစ်ပင်လဲတာ၊ နေအိမ်တွေ ထိခိုက်ပျက်စီးတာနဲ့ ရေကြီး နစ်မြုပ်မှုတချို့ ရှိခဲ့ပြီး လက်ရှိမှာ လည်း စစ်တွေမြို့ပေါ်က ဒေသခံတွေကို RFA အနေနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။