လက်ပံတောင်းဖြိုခွင်းမှု တစ်နှစ်ပြည့် လမ်းလျှောက်ဆန္ဒပြ
2013.11.29

ဒီနေ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ၁ နှစ်ပြည့် ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့ နော်အုန်းလှအပါအဝင် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးနဲ့ စုစုပေါင်း ၅၀ လောက် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ညနေ ၃ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကနေ စတင်လမ်းလျှောက်ခဲ့ကြပြီး ကမ်းနားလမ်း၊ အလုံလမ်းကနေ တရုတ်သံရုံးရှိရာကို ချီတက်ခဲ့ကြရာမှာ လုံခြုံရေးတပ်ဖွဲ့တွေက တရုတ်သံရုံးအထိ လမ်းလျှောက်ခွင့်မပြုခဲ့ပါဘူး။
ဒီနေ့ဆန္ဒပြပွဲမှာ နော်အုန်းလှက ဒီသပိတ်စခန်းဖြိုခွင်းတာကို ပြည်သူတွေ သိစေချင်လို့ ခုလိုဆန္ဒပြတာလို RFA ကို ပြောပါတယ်။
“လက်ပံတောင်းတောင် မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာ တစ်နှစ်ပြည့်တဲ့နေ့မှာ ပြည်သူတွေ မမေ့ဘူး၊ အန်တီတို့လည်း မမေ့ဘူးဆိုတာ ဒါကို ပြည်သူတွေသတိရအောင်၊ အစိုးရကိုယ်တိုင်လည်း ဒါကိုမမေ့အောင် အန်တီတို့ကဆန္ဒပြတာပါ”
ဆန္ဒပြသူတွေက အလုံလမ်းထိပ်မှာပဲ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခဲ့သူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ ပြောဆိုခဲ့သလို တရုတ်အလံကိုလည်း မီးရှို့ခဲ့ကြပါတယ်။
အလားတူမန္တလေးမြို့မှာလည်း သပိတ်စခန်းဖြိုခွဲမှု တစ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။
ဒီနေ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲမှု ၁ နှစ်ပြည့် လှုပ်ရှားမှုတွေအကြောင်း မရတနာဦးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။