ကျန်းမာရေး၊ ပညာရေး အသုံးစရိတ် ကာကွယ်ရေးအသုံးစရိတ်ထက် ပိုရဖို့ကြိုးစားနေ

2018.11.15
dr-aungmoenyo-622.JPG မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Ko Win

ကျန်းမာရေး ပညာရေး နှစ်ခုပေါင်းအသုံးစရိတ်ဟာ ကာကွယ်ရေးအသုံးစရိတ်ထက် ပိုမိုရရှိအောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ကြိုးစားနေတယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ မကွေးမြို့ ထိန်ထိန်သာ ဟိုတယ်မှာပြုလုပ်တဲ့ မကွေးတိုင်းဒေသကြီး “အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်”  မှာ ဒေါက်တာ အောင်မိုးညိုက ပညာရေး ကျန်းမာရေး အသုံးစရိတ်ဟာ ကာကွယ်ရေး အသုံးစရိတ်ကို ဘယ်တုန်းကမှ ကျော်တယ်လို့ မရှိခဲ့ကြောင်း၊ ဒီ ၂၀၁၈၊ ၂၀၁၉ ခုနှစ် ဘတ်ဂျက်မှာ အသုံးစရိတ် ကျော်မလိုဖြစ်ခဲ့ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနက  ဘတ်ဂျက်တိုးတောင်းခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာတော့ ကျော်နိုင်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၀  ပြည့်နှစ် မတိုင်ခင်အထိ ကမ္ဘာပေါ်မှာ ကျန်းမာရေး ပညာရေး အသုံးစရိတ်အနည်းဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး စစ်အသုံး စရိတ်အများဆုံး နိုင်ငံစာရင်းမှာပါခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

NLD အစိုးရ လက်ထက်မှာ တဖြည်းဖြည်းတိုးတိုးတောင်းရင်းနဲ့ ကျန်းမာရေး ပညာရေးစရိတ်တွေ များများလာပြီး ကျောင်းတွေ ဆေးရုံတွေ ပိုမိုဆောက်လုပ်နိုင်တယ်လို့လည်း ပြောပါတယ်။

ဆေးရုံတွေမှာ ထောက်ပံံ့နိုင်တာကြောင့် တိုင်းဆေးရုံမှာ လူနာပိုလက်ခံလာရပြီး မကွေးတိုင်းဆေးရုံကို ခုတင် ၅၀၀ ဆေးရုံဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးရမယ်ဆိုရင် ငြိမ်းချမ်းရေးမှာသုံးနေတဲ့ ဘဏ္ဍာရေးနဲ့ လူစွမ်းအား အရင်းမြစ်တွေ ဖွံ့ဖြိုးရေး မှာသုံးမယ်ဆိုရင် အများကြီး တိုးတက်သွားမယ်လို့ ပြောပါတယ်။

NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာ ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက် ပိုအသုံးအပြုတဲ့အကြောင်းကို ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အခုလိုပြောပါတယ်။

"အရင်ကကာကွယ်ရေးအသုံးစရိတ်ကို ဘယ်တုန်းကမှ ကျော်တယ်မရှိခဲ့ဘူး မကျော်ဘူး ၂၀၁၈ ၂၀၁၉ ဘတ်ဂျက်မှာကျော်မလိုကြားတယ်၊ ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်တိုးတောင်းတာကြောင့် ကျော်တယ်လို့ မကြားဘူး၊ ဘယ်တော့ကျော်မယ်မသိဘူး ကျော်ကောင်းကျော်နိုင်တယ်လို့ကြားတယ်၊ ၂၀၁၇ - ၂၀၁၈ ဘတ်ဂျက်တုန်း က ကြားခဲ့တယ်"

NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာ ပညာရေး၊ ကျန်းမာရေးဘတ်ဂျက်တွေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲလာပြီး ပညာရေး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လွှတ်တော်မှာတောင်းခံတာတွေကို ဖြတ်ချတာတွေမလုပ်ဘဲ အကုန်လုံးကိုပေးနေတယ်လို့ မင်္ဂလာတောင်ညွှန်မြိုနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကပြောပါတယ်။

လက်ရှိမှာ ကာကွယ်အသုံးစရိတ်ကို ပညာရေး၊ ကျန်းမာရေးကမီဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့က အရေးကြီးပြီး မီဖိုတော့ လိုသေးတယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။

"ကာကွယ်ရေးအသုံးစရိတ်ကို မီဖို့ဆိုတာက ကျမတိုနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့လည်း လိုတယ်၊ အခုဆိုရင် ကာကွယ်ရေးအနေနဲ့က တစ်ခုထဲမဟုတ်ဘူး သူတို့ ပညာရေးကိစ္စတွေ ဘာညာတွေရှိနေတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ လျော့ချသုံးစွဲမှာသာ သွားညီမှာပေါ့နော်၊  အခုပြောနိုင်တာကတော့ ပညာရေး ကျန်းမာရေး အသုံးစရိတ်သုံးစွဲလာတာမြင့်လာတယ်၊ ဒါပေမဲ့ လိုအပ်ချက်တွေရှိနေသေးတယ် ကာကွယ်ရေး အသုံးစရိတ်ကိုမီဖို့ဆိုတာကတော့ လိုနေသေးတယ်ဆိုတာ ပြောလို့ရပါတယ်"

ကျန်းမာရေး၊ ပညာရေးကိစ္စတွေ အကောင်ထည်ဖော်ရမှာ တိကျတဲ့ အစိုးရ ပေါ်လစီနဲ့ တိကျတဲ့ အချက်အလက်တွေ ရှိဖို့လိုအပ်ပြီး ပြီးခဲ့တဲ့အစိုးရကော လက်ရှိအစိုးရလက်ထပ်မှာပါ တိကျတဲ့အချက်အလက်မရှိဘဲ မလိုအပ်ဘဲ သုံးစွဲနေတာတွေရှိတယ်လို့ သီပေါမြိုနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကပြောပါတယ်

ကာကွယ်ရေးဘတ်ဂျက်ထက် ပိုသုံးတာထက် ထိရောက်တဲ့ အစိုးရပေါ်လစီချပြီး အကောင်ထည်ဖော်ဖို့က အရေးကြီးတယ်လို့ ဦးရဲထွန်းက အခုလိုသုံးသပ်ပါတယ်။

"ကာကွယ်ရေးစရိတ်ထက်ကျော်ရမယ့် များရမယ်ဆိုတာက အဓိကအာရုံစိုက်သင့်တဲ့ ပြဿနာမဟုတ်ဘူးလို့ ကျနော်ပြောချင်တယ် အစိုးရကချထားတဲ့ပေါ်လစီနဲ့ အဲဟာကိုအကောင်ထည်ဖော်အတွက် လိုအပ်တဲ့ဘတ်ဂျက်ကို မှန်ကန်တဲ့အချက်အလက်တွေ စာရင်းဇယားတွေနဲ့ တွတ်ချက်ပြီးတော့ စနစ်တကျတင်ပြဖို့လိုတယ် "

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် စစ်ဆင်ရေးတွေအပါအဝင် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ငွေကျပ် ၃၂၅၀ ဘီလီယံကျော်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာတောင်းခံခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းရီ ကို မေးမြန်းရာမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန လွှတ်တော်မှာ ဖြေကြားထားတယ်လို့ ပြောပါတယ်။

"အဲတာက ကာကွယ်ရေးဝန်ကြီးဌာနကို မေးကြည်ရင်ကောင်းပါတယ်၊ ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာလည်း ရှင်းပြီးသားဖြစ်ပါတယ်"

ဒီအသုံးစရိတ်တွေဟာ သေချာစိစစ်ထားပြီး မဖြစ်မနေသုံးရမယ့် အသုံးစရိတ်တွေဖြစ်တာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဇူလှိုင်လကပြုလုပ်တဲ့ လွှတ်တော်မှာရှင်းလင်းခဲ့ပါတယ်။

ဒီ၂၁၀၉-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ်အပါအဝင် ဝန်ကြီးဌာနအားလုံးရဲ့ အသုံးစရိတ်တောင်းခံငွေဟာ ငွေကျပ် ဘီလီယံနှစ်သောင်းလေးထောင်ကျော်ရှိပါတယ်။

ဒီအသုံးစရိတ်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက ၁၃ ရာခိုင်နှုန်းကျော်နဲ့ တတိယအများဆုံးဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက ၈ ရာခိုင်နှုန်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ၄ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့ထားတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။