သတင်းသမားတွေကို ပြန်လည်တောင်းပန်ဖို့ တောင်းဆို


2018.12.29
yadanarpon-university-622.jpg မန္တလေး ရတနာပုံတက္ကသိုလ်ကို တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်က ကျောင်းသားတချို့ ဆန္ဒပြတဲ့အချိန်မှာ ရုက္ခဗေဒဌာန၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ ခင်သက်ကျော် ကနေ သတင်းသမားတွေရဲ့တာဝန်ကို ဟန့်တာ၊ ခြိမ်းခြောက်ပြီး ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်ခဲ့တာကို ပြန်လည်တောင်းပန်ဖို့ မန္တလေးအခြေစိုက် သတင်းမီဒီယာများက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်းသမားတွေဟာ တာဝန်အရ သတင်းဖြစ်တဲ့နေရာကို သွားရောက်သတင်းယူတာဖြစ်တဲ့အကြောင်း၊ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို တွေ့ဆုံမေးမြန်းဖို့ ပြောဆိုနေတာသာရှိခဲ့ပြီး အဲဒီ ဌာနမှူးပြောသလို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အားပေးအားမြှောက်ခဲ့တာမရှိကြောင်း မန္တလေးအခြေစိုက် သတင်းမီဒီယာသမားတစ်ယောက် ဖြစ်တဲ့ ကိုနိုင်လင်းဦးက ပြောပါတယ်။

ဒေါက်တာ ခင်သက်ကျော် က အဲဒီဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်းသမားတွေကို ရိုက်နှက်ဖို့ ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ကိုနိုင်လင်းဦးက RFA ကို ပြောပါတယ်။

ဒီလို သတင်းထောက်တွေကို ရိုက်နှက်ဖို့ ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရတနာပုံ တက္ကသိုလ် အဏုဇီဝဗေဒဌာန ပါမောက္ခ ဒေါက်တာ ခင်သက်ကျော် ကို RFA ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒါ့ကြောင့် ကာယကံရှင် ဆရာမ၊ ရတနာပုံတက္ကသိုလ် တာဝန်ရှိသူတွေအနေနဲ့ ၇ ရက်အတွင်း တောင်းပန်၊ ဖြေရှင်းပေးဖို့၊ တကယ်လို့ မတောင်းပန်ဘူးဆိုရင် ပညာရေးဝန်ကြီးဌာနကို အသိပေးတိုင်ကြားမှာဖြစ်တဲ့အပြင် တရားစွဲဆိုသွားဖို့လည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။