တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ နှုန်းထားကို နှစ်ပတ်အတွင်း ကန့်ကွက်နိုင်


2018.01.03
minimum-wage-4800-622.jpg အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ က နေပြည်တော်မှာကျင်းပခဲ့စဉ်
Photo: Win Ko Ko Latt/RFA

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ အဆိုပြုနှုန်းထား သတ်မှတ်ချက်ကို ကန့်ကွက်လိုသူတွေအနေနဲ့ နှစ်ပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေ အတွင်းရေးမှူး ကိုနေလင်းအောင် က အစိုးရရဲ့ အဆိုပြုနှုန်းထားအပေါ်မှာ ကန့်ကွက်သွားမှာဖြစ်ပြီး တစ်ရက်ကို ၅၆၀၀ ကျပ်ပေးဖို့ တောင်းဆိုမယ်လို့ ပြောပါတယ်။

"အဖွဲ့အနေနဲ့ကတော့ အခုကန့်ကွက်နေပါပြီ။ တခြားအဖွဲ့အစည်းအတွေနဲ့ ပူးပေါင်းသွားဖို့ကတော့ အဖွဲ့ချုပ်မူဝါဒက ဘာမှန်းမသိရသေးပါဘူး။ ကျနော်တို့အနေနဲ့ ၅၆၀၀ တောင်းဆိုထားတာပါ။ ၄၈၀၀ က ကျနော်တို့ အလုပ်သမားတွေအနေနဲ့ လောက်ငှမှုမရှိဘူး။ အဲဒါကြောင့် ၅၆၀၀ ကျပ်ရဖို့ တောင်းဆိုနေတာပါ"

အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီက အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက် ၄၈၀၀ ကျပ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်က သတ်မှတ် အဆိုပြုခဲ့ပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို သတ်မှတ်နိုင်ရေး သဘောထားစစ်တမ်းတွေကောက်ယူရာမှာ အလုပ်သမားတွေဘက်က ၅၆၀၀ ကျပ်သတ်မှတ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အလုပ်ရှင်တွေဘက်က ၄ထောင်ကျော် သတ်မှတ်ပေးနိုင်ကြောင်း ပြောကြားထားပါတယ်။

လက်ရှိဟာ အဆိုပြုနှုန်းထားတစ်ရပ်ကို ထုတ်ပြန်ကြေညာတာဖြစ်ပြီး ဒီနှုန်းထားအပေါ် ကြေညာတဲ့ရက်က စတင်ပြီး ၂ ပတ်အတွင်း ပုံစံဖြည့်စွက်ကန့်ကွက်နိုင်ကြောင်း အဲဒီကန့်ကွက်ချက်တွေ အဆိုပြုချက်တွေအပေါ် ကော်မတီက လေ့လာစိစစ်ပြီး ရက်ပေါင်း ၆၀ အတွင်း ဖြေရှင်းကာ အစိုးရထံ အတည်ပြုနှုန်းထားတစ်ရပ် ပေးပို့ရမှာဖြစ်ပါတယ်။

လက်ရှိမှာ အနည်းဆုံးအခကြေးငွေဟာ တစ်ရက် ၃၆၀၀ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။