၂ဝ၂၃ မှာ မွန်ပြည်ကာကွယ်ရေးတပ် စစ်ရေးအရှိန်မြှင့်မယ်
2023.01.31
မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို ဦးဆောင်ကော်မတီဝင်တွေပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး မွန်ပြည်နယ်အတွင်းက စစ်အာဏာရှင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်ရေးအရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ MSDF အတွင်းရေးမှူး ကိုနိုင်ကိုသူက RFA ကို ပြောပါတယ်။
စစ်အာဏာသိမ်း နှစ်နှစ်တာကာလမှာ တိုက်ပွဲတွေကို ဖော်ဆောင်ချင်ပေမယ့် လူသူလက်နက်အင်အား မရှိတာကြောင့် ထင်သလောက် မလုပ်ဆောင်နိုင်ခဲ့ဘဲ ၂ဝ၂၃ ခုနှစ်မှာမှ ကော်မတီဝင်တွေ ပြောင်းလဲဖွဲ့စည်းပြီး စစ်ရေးအရှိန်မြှင့်သွားမှာ ဖြစ်တယ်လို့ ကိုနိုင်ကိုသူက ပြောပါတယ်။
MSDF ရဲ့ ဦးဆောင်ကော်မတီဝင်တွေကို ပြောင်းလဲဖွဲ့စည်းပြီး စစ်ရေး၊ နိုင်ငံရေး အရှိန်မြှင့်လုပ်ဆောင်သွားမယ့်အကြောင်း MSDF က ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်းကို ကာကွယ်ဖို့အတွက် အင်အားတောင့်တင်းတဲ့ မွန်လက်နက်ကိုင်တပ်တွေ အလျင်အမြန်လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ အကြံပေးအဖွဲ့ဝင် သုံးဦး၊ ဥက္ကဋ္ဌ ဒေါက်တာ သီရီမွန်ချမ်း၊ ဒုတိယဥက္ကဋ္ဌ နိုင်နမောတောသ၊ အတွင်းရေးမှူး နိုင်ရည်မွန်ဌေး၊ တွဲဘက် အတွင်းရေးမှူး နိုင်ကိုသူ၊ ကျန်အဖွဲ့ဝင် ငါးဦး စုစုပေါင်း ကော်မတီဝင် ကိုးဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။