မုံရွာမှာ လမ်းဘေးဈေးသည်တွေ ကို ဖယ်ရှား
2016.09.17

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မုံရွာမြို့ပေါ်က လမ်းဘေးဈေးသည်တွေကို ဖယ်ရှား ရှင်းလင်းသွားမှာဖြစ်ပြီး နေရာအစားထိုးပေးဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မုံရွာမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်း က ပြောပါတယ်။
လမ်းဘေးဈေးသည်တွေကို တစုတဝေးတည်း ဈေးရောင်းချနိုင်မယ့် နေရာ ၂ ခုကို လတ်တလော စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက်ထားတယ်လို့ မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောပါတယ်။
"ကားလေးကွင်းရဲ့ တောင်ဘက်က မင်္ဂလာဈေးကွက်လပ်ကြီးထဲမှာ တစ်ခုစဉ်းစားထားတယ်၊ ချင်းတွင်းရတနာဈေးရဲ့ အလယ်ခေါင် ကွက်လပ်ကြီးပေါ့၊ ပေ ၈ဝ ပတ်လည်လောက်ရှိတဲ့ ကွက်လပ်ကြီးထဲမှာ လည်း ကျနော်တို့ နေရာတွေ အခုတော့ အောက်ခံကြမ်းခင်းတွေ ဘာတွေနဲ့ နည်းနည်းလေး ချောချောမွေ့မွေ့ပြင်ဆင်နေပါပြီ၊ လောလောဆယ်တော့ နှစ်နေရာလောက်တော့ ကျနော်တို့ စဉ်းစားထားတာပေါ့နော်"
မုံရွာမြို့ပေါ်က လမ်းဘေးဈေးသည်တွေကို စာရင်းလိုက်လံကောက်ယူခဲ့ရာမှာ ပျံကျဈေးသည် ၂ဝဝ ကျော်ရှိပြီး လက်ရှိ ဆေးရုံလမ်း၊ လေသာလမ်းနဲ့ အောင်မဟာလမ်းတွေက လမ်းဘေးဈေးသည် ၂ဝ ကျော်ကို ဖယ်ရှားရှင်းလင်းပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့ စည်ပင်သာယာရေးကော်မတီက မုံရွာမြို့ပေါ် မိတ်ဆက်လမ်းက လမ်းဘေးဈေးသည်တွေကို ဖယ်ရှားရှင်းလင်းမှာဖြစ်ကြောင်း မနေ့ညက သွားရောက်အသိပေးရာမှာ ဈေးသည်တွေဘက်က တားမြစ်မှုတွေရှိခဲ့ပြီး ဆူပူမှုတွေ ဖြစ်ပေါ်လာမှာစိုးတဲ့အတွက် ရှင်းလင်းမှုကို ခဏရပ်နားထားရပါတယ်။
လမ်းဘေးဈေးသည်တွေကို ဒီလကစပြီး လာမယ့်နှစ် ဖေဖော်ဝါရီလအထိ ခြောက်လ စီမံချက်နဲ့ ဖယ်ရှားရှင်းလင်းသွားမှာ ဖြစ်တယ်လို့လည်း ဦးကျော်မျိုးဝင်းက ပြောပါတယ်။
စည်ပင်သာယာရေးကော်မတီရဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ဈေးသည်တွေကို စည်ပင်ဥပဒေအရ တရားစွဲဆိုခွင့်ရှိပြီး တရားရုံးက ငွေဒဏ်ငါးသောင်းကနေ ကျပ်နှစ်သိန်းအထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။