မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်ကြောင့် ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေးရ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာအနီးကို မေလ ၅ ရက် ဒီနေ့မနက်က စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းက သေနတ်တွေပစ်ခတ် ဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လယ်ဇင်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“ ကားတွေနဲ့လာပြီး ရွာနားရောက်တော့ ခြေလျင်စစ်ကြောင်းထိုးတယ်။ ရွာက အမျိုးသမီးတစ်ယောက်ကို လမ်းပြဖမ်းခေါ်သွားပြီး အခုတော့ ပြန်လွှတ်လိုက်တယ်။ စစ်သားတွေနဲ့ ပျူတွေက ခြေလျင်စစ်ကြောင်း ထိုးနေပြီး ရဟတ်ယာဉ်တွေနဲ့လည်း ဝဲနေတယ်။ ကာကွယ်ရေးအဖွဲ့တွေရှိတယ်ကြားပြီး ရွာတွေကို စစ်ကြောင်းထိုးနေတာ နေမှာ။ ရွာကသူတွေလည်း တခြားရွာတွေကို ရှောင်နေရတယ်။ သူတို့က တောတွေထဲပါ စစ်ကြောင်းထိုးနေတာ"
အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား ၂၀၀ လယ်ဇင်ရွာအနီး တစ်ဝိုက်က တောတွေနဲ့ ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာလို့ ဆိုပါတယ်။ သက္ကယ်ကျင်းရွာက အမျိုးသားအချို့လည်း အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လယ်ဇင်ရွာဟာ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း ဒီနေ့အထိ စစ်ကောင်စီတပ်က ၁၅ ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့ပြီး ဒေသခံ ခုနစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။