ကမ္ဘာမှာ စာနယ်ဇင်းသမားတွေကို ဖမ်းဆီးအကျဉ်းချမှု မြန်မာအများဆုံးဖြစ်

မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ကမ္ဘာပေါ်မှာ စာနယ်ဇင်းသမားတွေကို အများဆုံး ဖမ်းဆီးထောင်ချတဲ့ နိုင်ငံတစ်ခု ဖြစ်လာတယ်လို့ နယူးယောက်အခြေစိုက် CPJ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
စာနယ်ဇင်းလွတ်လပ်မှု ပိတ်ပင်တဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံတကာအနေနဲ့ ပစ်မှတ်ထားပိတ်ဆို့ဖို့ လိုပါတယ်လို့ ဇူလိုင် ၂၈ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ၂ဝ၁၂ ခုနှစ် နောက်ပိုင်း ရရှိလာခဲ့တဲ့ သဘောထားလွတ်လပ်ခွင့်တွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့အထိ ရရှိတဲ့သတင်းတွေအရ မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမား သတင်းထောက် အနည်းဆုံး ၃၂ ဦး ထောင်သွင်းအကျဉ်းချခံနေရတယ်လို့ နယူးယောက်အခြေစိုက် CPJ အဖွဲ့ရဲ့ နှစ်ဝက်အထူး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်က စာနယ်ဇင်းသမားတွေအပေါ် ဖိနှိပ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းနေမှုတွေကို တကမ္ဘာလုံးမှာရှိတဲ့ စာနယ်ဇင်းလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခေါင်းဆောင် အားလုံးက အလေးအနက် ပူပန်သင့်ပါတယ်လို့လည်း CPJ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။
စာနယ်ဇင်းသမားတွေကို ဖမ်းဆီးထားတဲ့အတွက် သတင်းမှန်တွေကို ကမ္ဘာက သိခွင့်ဆုံရှုံးနေပြီလို့လည်း ဆိုပါတယ်။
သတင်းထောက်တွေ ပြောစကားအရ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို နှိပ်စက်ညှဉ်းပန်း မတရားကျင့်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိမှာ ကိုဗစ်- ၁၉ ဖြစ်ပွားမှုကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အတွက် ထောင်ကျနေသူတွေအတွက် အင်မတန်အန္တရာယ်များလှပါတယ်လို့ CPJ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။