ငလျင်ကြောင့် အဆောက်အအုံ ၃၀၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.03.29
ငလျင်ကြောင့် အဆောက်အအုံ ၃၀၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း NUG ထုတ်ပြန် ငလျင်ကြောင့် ရမည်းသင်းမြို့ပေါ်က ဘုန်းကြီးကျောင်း ပျက်စီးမှုကို မတ်လ ၂၈ ရက်က တွေ့ရစဉ်။
Citizen Photo

မတ်လ ၂၈ ရက်နေ့က ပြင်းထန်တဲ့ငလျင်ဒဏ်ကြောင့် လူနေအဆောက်အအုံ စုစုပေါင်း၂၉၇၀၊ ဘုရားစေတီ ၁၀၀ နီးပါး နဲ့ ဗလီ ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တံတား ၇ စင်း နဲ့ လမ်းပေါင်း ၃၀ ကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရှာဖွယ်ကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေနဲ့ အပျက်အစီးရှင်းလင်းနိုင်ဖို့ ယာဉ်ယန္တရားတွေ၊ ဆေးဝါးနဲ့ အစားအစာတွေ၊ ဆိုလာမီးအိမ်၊ မိုးကာတဲတွေ နဲ့ မီးသတ်ဆေးဗူးတွေ အရေးပေါ်လိုအပ်နေသလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ၊ နေအိမ်ပြန်လည်တည်ဆောက်ရေးအတွက် နည်းပညာနဲ့ ရန်ပုံငွေတွေ အထူးလိုအပ်နေတယ်လို့ ဖော်ပြပါတယ်။

ပျက်စီးသွားတဲ့ အမွေအနှစ်တွေအားလုံးအတွက် နှမြောဝမ်းနည်းကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဆုံးရှုံးမှုတွေ နဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေထိခိုက်ပျက်စီးတဲ့အပေါ် လွန်စွာကြေကွဲရကြောင်း၊ ပျက်စီးသွားတဲ့ အမွေအနှစ်တွေကို ပြန်လည်ထူထောင်ရေး ရသမျှနည်းလမ်းတွေနဲ့ ဆောင်ရွက်သွားဖို့ ကတိပြုကြောင်း NUG အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း မိမိနယ်မြေတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို အစွမ်းကုန် ကူညီဆောင်ရွက်ပေးဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၂၈ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

မတ်လ၂၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်က မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာမှာ အင်အား ၇.၇ ပမာဏရှိ အလွန်ပြင်းတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ဒေသ ၆ ခု ထိခိုက်ပျက်စီးခဲ့ပြီး ၂၄ နာရီအတွင်း သေဆုံးသူ ၁၀၀၂ ဦး၊ ဒဏ်ရာရသူ ၂၃၇၆ ဦးရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။