အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ NCA ထိပ်သီး ခေါင်းဆောင်များ ပုပ္ပားမှာ တွေ့ဆုံမည်


2018.10.05
dassk-nca-sign-orgs-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေ ၂၀၁၈ ဇူလိုင်လ ၁၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပားဒေသမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အလွတ်သဘောတွေ့ဆုံမှာဖြစ်တဲ့အတွက် အပြောင်းအလဲဖြစ်အောင် ပုပ္ပားမှာဆွေးနွေးဖို့ ဆုံးဖြတ်ဖြစ်ကြတာလို့ တွေ့ဆုံပွဲကို တက်ရောက်မယ့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဦးခွန်ဥက္ကာ က RFA ကို ဒီနေ့ ပြောပါတယ်။

"အဆိုပြုထားတာတော့ ပုပ္ပါးပါပဲ။ ပုပ္ပါးဒေသ။ အပြောင်းအလဲလေးဖြစ်အောင်၊ လွတ်လွတ်လပ်လပ် လည်းဖြစ်အောင်၊ နေပြည်တော်ကတော့ မွန်းကြပ်တာပေါ့ဗျာ။ ဒီမှာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်တာပေါ့"

ပုပ္ပားဒေသလို့ အကြမ်းဖျဉ်းပြောပေမယ့် ကျင်းပမယ့်နေရာ အတိအကျကိုတော့ ဦးခွန်ဥက္ကာက ထုတ်ဖော်ပြော ကြားခြင်း မရှိပါဘူး။

ဒီဆွေးနွေးပွဲကို NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲတွေထဲက RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ဖို့ ရှိ မရှိဆိုတာ မသိနိုင်သေးဘဲ ကျန်အဖွဲ့အားလုံးက ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ဖို့ အခုလ ၂ ရက်နေ့ထဲက အစိုးရထံ အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ဆုံးဖြတ်ရတော့မယ့် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အပါအဝင် တခုတည်းသော တပ်မတော် ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေ ချမှတ်ဖို့ ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ ခေါင်းဆောင်တွေ အရင်ကတွေ့ဆုံခဲ့ရာမှာ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးပွဲတွေကလွဲရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါမှမဟုတ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးသန့်သာ တွေ့ဆုံခဲ့ဖူးပြီး အခုလို ထိပ်သီးခေါင်းဆောင်တွေ တစုတစည်းတည်း  အစည်းအဝေးသဘောမျိုး မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြတာ မရှိခဲ့ပါဘူး။

ဒါ့အပြင် ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေ အလွတ်သဘော စုံစုံညီညီ တွေ့ဆုံတာမရှိသေးဘူးလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။