ထိပ်သီးဆွေးနွေးပွဲရက်ကို ပြန်လည်ညှိနှိုင်းလိုကြောင်း KNU ကြေညာချက်ထုတ်
2018.10.07

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းလိုတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပုပ္ပားမှာ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ KNU အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပုပ္ပားဆွေးနွေး ပွဲကို ကြိုဆိုပေမယ့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာရေးအတွက် ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်နေသေးတာကြောင့် ရက်ကို ပြန်လည်ညှိနှိုင်းလိုတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က RFA ကို ပြောပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဆို့နေတဲ့ အပိုင်းတွေက တစ်ခုတည်းသာ တပ်မတော်ကို လက်ခံဖို့ တောင်းဆို ထားတဲ့ကိစ္စ၊ ပြည်ထောင်စုကနေ ခွဲမထွက်ပါဘူးလို့ သဘောတူရေး Package Deal နဲ့ ဆိုင်တဲ့ ကိစ္စတွေအပြင် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှုအပိုင်းနဲ့ NCA ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ နားလည်မှု ကွဲလွဲတာတွေကို ညှိနှိုင်းလိုတယ်လို့လည်း ပြောပါတယ်။
ဒီတွေ့ဆုံပွဲကို ၅ ရက်ကြာ ကျင်းပဖို့ သတ်မှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးမှာ ပိတ်ဆို့နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အခြေခံမူတွေ ရရှိလာမလားဆိုပြီး ဆွေးနွေးဘက်တွေ အားလုံးက မျှော်လင့်ထားကြပါတယ်။