အပစ်ရပ် လက်မှတ်ထိုးပြီးအဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေ ဆွေးနွေး
2020.02.28
ဖက်ဒရယ်အခြေခံမူနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဘုံသဘောထားရရှိဖို့ အပါအဝင် အတူတကွ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေးအတွက် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ NCA မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
NCA အပစ်ရပ်သဘောတူစာချုပ် လက်မှတ်မရေးထိုးရသေးတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့က ဥက္ကဋ္ဌ အေဘယ်လ်တွီ ဦးဆောင်တဲ့အဖွဲ့နဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့က ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် ဂွန်မော် ဦးဆောင်တဲ့ ခေါင်းဆောင်တွေ အပါအဝင် NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေဟာ ဖက်ဒရယ်အခြေခံမူ ဘုံသဘောထားရရှိဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ တွေ့ဆုံပွဲကျင်းပတာလို့ အစည်းအဝေးပြောရေးဆိုခွင့်ရှိသူ KNPP ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့် က အခုလို ပြောဆိုပါတယ်။
"ကျနော်တို့ ဒီ ၁၂ ဖွဲ့ကပေါ့နော်၊ ဖက်ဒရယ်ရဲ့ အခြေခံမူ ဘုံသဘောထားတွေကို ကျနော်တို့ ရရှိဖို့အတွက်ပေါ့နော်၊ နောက်တစ်ချက်ကတော့ ငြိမ်းချမ်းရေးကို ဘယ်လို ရှေ့ဆက်ပြီး သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့နော်၊ ကျနော်တို့ ဒီ အနာဂတ် ဖက်ဒရယ်အခြေခံမူ ဆိုတာက ဒါ တစ်တိုင်းပြည်လုံး အားလုံး နဲ့ စတိတ်ဟိုလ်ဒါ အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဒါကတော့ ကျနော်တို့ အားလုံးက နားလည်သဘောပေါက်ထားတယ်လေ။ ဒါကတော့ ကျနော်တို့က ဒီနေရာမှာ လက်မှတ်ထိုးတာတွေ လက်မှတ် မထိုးတာတွေကတော့ မဆိုင်ဘူးလို့ ထင်တယ်။"
ဒီကနေ့ စတင်ဆွေးနွေးနေကြတဲ့ ဖက်ဒရယ်အခြေခံမူနဲ့ပတ်သက်ပြီး ဘုံသဘောထားရရှိရေး အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး ဒုတိယအကြိမ် နဲ့ တတိယအကြိမ်တွေမှာ ရရှိထားတဲ့ သဘောတူညီချက် ၅၁ ချက်ထက် ပိုအရေးကြီးတဲ့ အချက်တွေ ပါဝင်တယ်လို့ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။
အစည်းအဝေးမနက်ပိုင်းမှာတော့ NCA အပစ်ရပ် လက်မှတ်မရေးထိုးကြရသေးတဲ့ အဖွဲ့အစည်းတွေက လက်ရှိကြုံတွေ့ရင်ဆိုင်နေကြရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် တစ်ဖွဲ့ချင်းက သုံးသပ်တင်ပြတာတွေရှိခဲ့သလို အပစ်ရပ် လက်မှတ်ရေးထိုးထားကြတဲ့ အဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ လက်ရှိဖြတ်သန်းကျော်လွှားနေကြရတဲ့ အခြေအနေတွေကို တစ်ဖွဲ့ချင်း တင်ပြဆွေးနွေးခဲ့ကြတယ်လို့လည်း RCSS ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်း က ပြောဆိုပါတယ်။
"အခုလောလောဆယ်မှာတော့ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာပေါ့။ ဖြစ်ပျက်နေတဲ့ အခင်းအကျင်းတွေကို Update လုပ်ပေးကြတဲ့ အဆင့်ပဲ ရှိသေးတာပေါ့နော်၊ ဒီ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေရော ဒီဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ ဒီနေ့လည်ပိုင်း မနက်ဖြန်လောက်မှ ဆွေးနွေးဖြစ်မယ် အခုလောလောဆယ်တော့ တဖွဲ့ချင်းစီကရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖလှယ်ကြတာပဲ ရှိသေးတယ်။"
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့အနေနဲ့ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ချက် ချမှတ်ထားသလို ပြည်နယ်အတွင်း တပ်ပိုင်းဆိုင်ရာ အောက်ခြေပြဿနာတွေနဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှုတွေအပေါ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှောင့်နှေးမှုတွေရှိခဲ့တာကြောင့် ယနေ့အချိန်အထိ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။
"ကျနော်တို့က ဒီနောက်ဆုံးမှာ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလက ကျနော်တို့ DOC တစ်ခုနဲ့ပေါ့နော်၊ NCA မထိုးခင် DOC တစ်ခုကို ကျနော်တို့ ပေးခဲ့လိုက်တယ်၊ ဒါပေမယ့်လည်း ဒီနေ့အချိန်အထိ ဒီ DOC နဲ့ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးနိုင်တာတော့ မရှိသေးဘူးပေါ့နော် ဒါ သူတို့ဖက်က အခုက ဒီ လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ပဲ ဒီ UPC ကျင်းပဖို့ကို အာရုံစိုက်နေတဲ့အတွက် အချိန်က လုနေရတဲ့ သဘောပေါ့ အဲ့တော့ ကျနော်တို့ အဲ့လောက်ထိ အဆင့်မှာပဲ ရှိသေးတာပေါ့။"
သူပြောဆိုသွားတဲ့ DOC ဆိုတာကတော့ ကတိပြုဝန်ခံချက်လို့ အဓိပ္ပါယ်ရတဲ့ (Deed of Commitment for Peace and National Reconciliation) ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့တူညီတဲ့ ဘုံသဘောတူညီချက် မူဝါဒတွေ ရရှိဖို့ NCA အပစ်ရပ် လက်မှတ်မရေးထိုးကြရသေးတဲ့ အဖွဲ့တွေ ပူးပေါင်းပါဝင်လာတာဟာလည်း ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။
နှစ်ရက်တာ ကျင်းပပြီး ဒီအစည်းအဝေးကနေ ရရှိလာတဲ့ ဘုံသဘောထား ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို အတူတကွ ချမှတ်အကောင်အထည်ဖော်သွားဖို့ ရှိသလို ဒီလိုအခြေခံမူတွေ အတူတကွ ချမှတ်နိုင်ရေးကိစ္စတွေမှာ မပါဝင်လာနိုင်သေးတဲ့ တခြား တိုင်းရင်းသား အဖွဲ့တွေကိုလည်း ဒီလိုဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်အောင် ဆက်ကြိုးစားသွားမယ်လို့လည်း ခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။