ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးပွဲ


2017.07.29
nrpc-peace-process-622.jpg ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ၂၀၁၇ ဇူလိုင်လ ၂၉ ရက်နေ့က အစိုးရနဲ့ အလွှာပေါင်းစုံက လူပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: Myanmar State Counsellor Office

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ ရယူဖို့အတွက် အစိုးရက အလွှာပေါင်းစုံက လူပုဂ္ဂိုလ်တွေ နဲ့ ဒီနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံခဲ့ကြပါတယ်။

အလွှာပေါင်းစုံက အတွေ့အကြုံရှိသူတွေကို ခေါ်ယူတာဖြစ်ပြီး လွတ်လွတ်လပ်လပ်နဲ့ တင်ပြဆွေးနွေးနိုင်ခဲ့တယ် လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။

"ကျနော်တို့ လွတ်လွတ်လပ်လပ်ဆွေးနွေးကြပါတယ်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ ပါတယ်၊ တိုင်းရင်းသားက သူတို့ရွေးထားတဲ့ ပုဂ္ဂိုလ်တွေပါ ပညာရှင်တွေပါတယ်၊ အားလုံးပေါင်း ၂ဝ နဲ့ တစ်ယောက်နှစ်ယောက်လောက် ရှိပါတယ်၊ သူတို့သတ်မှတ်ထားတာ ကျနော်တို့ ပြောဖို့မဖြစ်လို့ပါ၊ ထင်တာကို လွတ်လွတ်လပ်လပ်ပါပဲ အမြင်မျိုးစုံကပေါ့လေ"

တက်ရောက်ကြသူတွေရဲ့ ဆွေးနွေးတင်ပြချက်တွေကို ထုတ်ဖော်ပြောဆိုခွင့်မရှိတဲ့အတွက် ဘာတွေ အဓိကဆွေးနွေးသလဲဆိုတာ မသိရပါဘူး။

အဲဒီဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့သလို အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေ၊ အရင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူတွေ၊ သတင်းစာဆရာတွေ၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အလားတူ ဆွေးနွေးပွဲတွေကို မကြာခဏကျင်းပမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။