သူနာပြု ကျောင်းသား ကျောင်း သူတွေ ရန်ကုန်မှာ ဆန္ဒပြ
2017.03.15

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သူနာပြု သင်တန်းသား သင်တန်းသူတွေကို ကျောင်းပြီးဆုံးချိန်မှာ သူနာပြု လိုင်စင် ထုတ်မပေးဘဲ အစိုးရဆေးရုံတွေမှာ ၃ နှစ် တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင်ထုတ်ပေး မယ်ဆိုတဲ့ စနစ်ပြောင်းလဲလိုက်တာကို မြန်မာနိုင်ငံ သူနာပြုတက္ကသိုလ် (ရန်ကုန်)ရဲ့ သူနာပြု သင်တန်းသား၊ သင်တန်းသူ ၁၀၀၀ နီးပါးက ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်ရှေ့ကနေ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
သူနာပြုအသိုင်းအဝိုင်းမှာ ဖိနှိပ်ခံနေရတာတွေ ရှိနေပြီး အစိုးရဆေးရုံတွေနဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာကို ပြုစုရတာတွေ မလုပ်ကိုင်ရဘဲ သူနာပြုတာဝန်မဟုတ်တာတွေကိုပါ လုပ်နေရကြောင်းလည်း ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး လုံခြုံမှုမရှိကြောင်း၊ ပြည်သူ့ဆေးရုံတွေမှာ လိုင်စင်မဲ့ သူနာပြုတွေက ကျန်းမာရေး စောင့်ရှောက်ပေးနေတာကို သိပါသလား စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။
အရင်က သူနာပြုတက္ကသိုလ် ကျောင်းဆင်းတွေကို အစိုးရပြည်သူ့ ဆေးရုံတွေမှာ ၆ လကြာ တာဝန်ထမ်းဆောင် ပြီးတဲ့အခါ လိုင်စင်ထုတ်ပေးခဲ့ပေမယ့် အခုချိန်မှာ ၃ နှစ်တာဝန်ထမ်းဆောင်ပြီးမှသာ လိုင်စင်ထုတ်ပေးတဲ့ စနစ်ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။