ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့ ဧပြီလမကုန်ခင် တွေ့မည်
2017.04.23

အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ နိုင် ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPNနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်တို့ ဒီလကုန်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ပြောပါတယ်။
လာမယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်နိုင်ဖို့အတွက် ညှိနှိုင်းကြမှာ ဖြစ်တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။
"ဟုတ်ကဲ့ သဘောတူညီချက်တွေကတော့ ရထားပြီးသားပါခင်ဗျ။ ရထားပြီးသားဖြစ်တာကို လာမယ့် ၂၁ ရာစု ပင်လုံမှာ အကောင်းဆုံးဘယ်လို လုပ်နိုင်မလဲ ဆိုတာကို ထပ်ညှိမှာပေါ့ဗျာ။ ဒါပါပဲ။ ဒီမှာ အားလုံး ပါဝင်နိုင်အောင်ပေါ့"
DPN အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်တို့ဟာ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မေလ တတိယပတ်လောက်မှာ ကျင်းပဖို့ လျာထားတယ် လို့လည်း ဦးအောင်စိုးက ပြောပါတယ်။
အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ UNFC ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့က အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တပ်မတော်ဘက်က အပစ်အခက် ရပ်စဲကြောင်း စတင် ကြေညာပေးဖို့ အပါအဝင် အချက် ၉ ချက်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
အဲဒီ အချက် ၉ ချက်ကို မူအားဖြင့် သဘောတူညီမှု ရရှိထားပြီလို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်က ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။
အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ဝင်တွေထဲမှာ ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KIA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။
အဲဒီအဖွဲ့တွေထဲက KIA၊ SSPP နဲ့ TNLA စတဲ့ အဖွဲ့တွေက လက်ရှိ NCA ကို လက်မှတ်မထိုးဘဲ ၀ တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ထဲမှာ ပါဝင်နေပြီး မွန်ပြည်သစ်ပါတီ ကတော့ လက်ရှိ NCA လမ်းကြောင်းအတိုင်း သွားမယ်လို့ ကြေညာထားတဲ့ အဖွဲ့ဖြစ်ပါတယ်။