ဖယ်ခုံက စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရ၊ ကလေးတစ်ဦးအပါအဝင် သုံးဦး သေဆုံး သုံးဦးဒဏ်ရာရ

RFA Burmese
2024.12.05
ဖယ်ခုံက စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရ၊ ကလေးတစ်ဦးအပါအဝင် သုံးဦး သေဆုံး သုံးဦးဒဏ်ရာရ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ​တွေ့ရစဉ်။
Photo: Kayan Rescue Committee -KRC

 ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက အင်လာကွင်း စစ်ဘေးဒုက္ခသည်စခန်းကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ကလေးတစ်ဦး အပါဝင် သုံးဦးသေဆုံးပြီး နောက်ထပ် ကလေးသုံးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။

ကလေးတစ်ဦးနဲ့ မိခင်ဖြစ်သူတို့ ဗုံးစထိမှန် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့သလို နောက်ထပ် ကလေးသုံးဦးလည်း ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တာ မရှိဘဲ ဒုက္ခစခန်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့   (KNDF) ပြန်ကြားရေးတာဝန်ခံ ကိုတာအယ်စိုးက RFA ကို ပြောပါတယ်။

“အင်လာကွင်း စစ်ရှောင်စခန်းဆိုတာ တိုက်ပွဲဧရိယာနဲ့ ဝေးတဲ့ နေရာမျိုး ဖြစ်ပါတယ်။ စစ်ရှောင်တွေပဲ ရှိတဲ့ နေရာကို စစ်ကောင်စီဘက်က ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်ခဲ့တယ်။ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ သုံးဦး သေဆုံးတယ်။ သေဆုံးတဲ့သူထဲမှာ အမျိုးသားတစ်ဦးကတော့ မီးလောင် သေဆုံးတယ်။ အမျိုးသမီးတစ်ဦးနဲ့ သူ့ကလေးလည်း ထိခိုက်သေဆုံးခဲ့တယ်”

 ဒဏ်ရာရထားတဲ့ ကလေးသုံးဦးကို ဆေးကုသပေးထားပြီး သေဆုံးသူတွေရဲ့ အသေးစိပ် အချက်အလက်ကိုတော့ လတ်တလော မသိရသေးဘူးလို့ လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဖယ်ခုံမြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီတပ်က မြို့အရှေ့ခြမ်းက ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ်ဦး အပါဝင် ခြောက်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။