ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်များ ဝန်ကြီး ဦးအုန်းဝင်း စစ်ဆေးမည်
2016.04.29

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ကချင်ပြည်နယ်က ဖားကန့်ကျောက်စိမ်းတွင်းတွေနဲ့ မိုးညှင်းမြို့နယ်ထဲက ရွှေတူးဖော်ရေး လုပ်ကွက်တွေကို သွားရောက်စစ်ဆေး ဖို့ရှိပါတယ်။
ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး မနက်ဖြန် ဖားကန့်ဘက်ကိုသွားမယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးH လအောင်က ပြောပါတယ်။
"ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့နဲ့တွေ့မယ်၊ ဖားကန့်ဘက်မှာ မနက်ဖြန်၊ သန်ဘက်ခါ မိုးညှင်းဘက် ပြန်ဆင်းမယ်၊ မှော်တွေကို ကြည့်ရှုပြီးတော့ ပြန်လာမယ် အဲ့ဒါပါပဲ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ သဘာဝပတ်ဝန်းကျင်တွေ တင်ပြဖို့ ရှိပါတယ်၊ ဖားကန့်ဒေသဘက်တွေကို သွားမှာပေါ့လေ"
ဦးအုန်းဝင်းဟာ ဧပြီလ ၂၉ ရက်ကနေ မေလ ၁ ရက် နေ့အထိ ၃ ရက်ကြာခရီးစဉ်မှာ မြစ်ကြီးနား၊ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေက မိုင်းတွင်းလုပ်ကွက်တွေမှာ သဘာဝပတ်ဝန်းကျင်ရေးရာကိစ္စတွေကို အဓိကစစ်ဆေး မှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်ကလည်း ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေ စာပုံကိစ္စတွေကို ပြည်ထောင်စုဝန်ကြီးထံ တင်ပြသွားမယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့စည်းတွေက ပြည်ထောင်စုအစိုးရအနေနဲ့ ဖားကန့်မြို့နယ်က စည်းကမ်းဖောက်ဖျက်တဲ့ ကျောက်စိမ်းကုမ္ပဏီတွေကို စစ်ဆေးဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဖို့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက တောင်းဆိုထားပါတယ်။