ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်
2020.06.01
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ရာထူးကနေ ဖယ်ရှားရေး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကို တင်ထားတဲ့အဆို နဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဒီနေ့ စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲ ခွဲရာမှာ ကန့်ကွက်မဲ များတဲ့အတွက် အဆို ရှုံးနိမ့်သွားပါတယ်။
အဆိုကို မဲမခွဲခင်မှာ ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌက အကြိမ်ကြိမ် သတိပေးခဲ့ရတဲ့အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး လျှို့ဝှက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၁၃၂ ဦး၊ ကန့်ကွက်သူ ၂၄၃ ဦး ၊ ကြားနေ ၅ မဲ ရရှိခဲ့ပြီး ထောက်ခံမဲ သုံးပုံ နှစ်ပုံ မရှိတဲ့အတွက် အဆိုအပေါ် အရေးယူဆောင်ရွက်ဖို့ မရှိကြောင်း ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
"ထောက်ခံဆန္ဒမဲ အရေအတွက်မှာ ၁၃၂ မဲဖြစ်လို့ ဂတိသစ္စာပြုပြီးသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေရဲ့ အနည်းဆုံး သုံးပုံ နှစ်ပုံ က ထောက်ခံခြင်းမရှိတဲ့အတွက် နည်းဥပဒေ ၁၁၉ နည်းဥပဒေခွဲ (က) အရ ယခုအဆိုကို အရေးယူဆောင်ရွက်ရန် မရှိကြောင်း ကြေညာပါတယ်"
ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မိုင်းပျဉ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစိန်က တင်သွင်းခဲ့တာဖြစ်ပြီး အဲဒီအဆိုကို အရေးကြီးအဆိုအဖြစ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးက လတ်မှတ်ရေးထိုးခဲ့တာပါ။
တင်သွင်းတဲ့ အဆိုထဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို ခွင့်ပြုပေးခဲ့တာ ဥပဒေနဲ့ မညီညွတ်တာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတွေ တင်ပြခဲ့ပေမယ့် သီးခြား ဆွေးနွေးခွင့်မပေးတာ ၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီမှာ ညှိနှိုင်းဖို့ အဆိုကို ခွင့်မပြုတဲ့ကိစ္စ၊ အိုင်စီဂျေက ကြားဖြတ် အမိန့်ချတဲ့အပေါ် အစိုးရဆောင်ရွက်ချက်တွေ ပြည်သူတွေရှင်းလင်းဖို့အဆိုကို ခွင့်မပြုခဲ့တာ အပါအဝင် ၊ဒသမတန်းသင်ရိုး ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်မှာအပေါ် ကန့်ကွက်ကြောင်း အဆိုကို လွှတ်တော်မှာ ဆွေးနွေးခွင့် မပြုတာ စတဲ့ အချက်တွေကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်တာကြောင့် ရာထူးကနေ ဖယ်ရှားပေးဖို့ အဆိုမှာ ဖော်ပြထားပါတယ်။
အဆိုကိုမဲ မခွဲခင် နှစ်ဘက် ဆွေးနွေးတင်ပြကြာရာမှာ NLD ကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက် ဆွေးနွေးခဲ့ကြသလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အဆိုပေါ်ထောက်ခံကြောင်း အကြိတ်အနှယ် ဆွေးနွေးခဲ့ကြပါတယ်။
NLD ပါတီက ချင်းပြည်နယ် မင်းတပ်မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးနေလင်းအောင်က အဆိုမှာ ပါဝင်တဲ့ ဦးတီခွန်မြတ်အပေါ် စွပ်စွဲထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ “တင်လာသမျှ အရေးကြီး အဆိုတိုင်းကို ခွင့်ပြုရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတာမရှိကြောင်း အဆိုတွေကို ခွင့်ပြုပိုင်ခွင့် ခွင့်မပြုပိုင်ခွင့် ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ အတွက် ဦးတီခွန်မြတ်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ အဆိုအပေါ်မှာ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
"ဥက္ကဋ္ဌက ဒီတင်လာတဲ့ အရေးကြီး အဆိုတွေကို ခွင့်ပြုရမယ်လို့ တစ်ခွန်းမှမပါဘူး၊ ဒါဟာဥက္ကဋ္ဌရဲ့ ဆင်ခြင်တုံတရားနဲ့ စဉ်းစားရမယ့် အချက်ကို အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်က ငါတင်တဲ့အဆိုက မှန်တယ် ဘယ်လိုနေနေ ခွင့်ပြုရမယ်လို့ ဒီလိုမပါပါဘူး ၊ ဥက္ကဋ္ဌရဲ့ နည်းဥပဒေအရ ပေးထားတဲ့ လုပ်ပိုင်ခွင့်ထဲကနေ ဥက္ကဋ္ဌဟာ ဒီလိုတင်ထားတဲ့အဆိုတွေကို ပယ်ချခြင်းဟာ ဥက္ကဋ္ဌ ကြီးဟာ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်ဆိုပြီးတော့ ဂုဏ်တောင် ပြုရအုန်းမှာပါ "
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မင်းကင်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးမောင်မြင့်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြလာတဲ့အဆိုကို ဥက္ကဋ္ဌအနေနဲ့ လက်ခံပြီး လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲလို့ ရှုံးရင် ဒီမိုကရေစီ သဘောတရားအရ လက်ခံကြောင်း အခုက အဆိုတွေကို လက်မခံဘဲ ခွင့်မပြုခဲ့တာဟာ သံသယဖြစ်စရာရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ဖယ်ရှားရေး အဆိုအပေါ် ထောက်ခံ ဆွေးနွေးပါတယ်။
"အမျိုးသား အကျိုးစီးပွားကာကွယ်ပေးနိုင်တဲ့ မေးခွန်းတွေကို လွှတ်တော်ပလက်ဖောင်းကနေ တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင် မေးမြန်းဖို့ကြိုးစားပေမယ့် ဒါကို ပိတ်ပင်တာဟာ အမျိုးသားအကျိုးစီးပွားကို မကာကွယ်နိုင်အောင် လုပ်တာ ၊ လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ လုပ်ပိုင်ခွင့်ကို တလွဲ အသုံးချခြင်းသာဖြစ်တယ်လို့ပြောကြားလိုပါတယ်။ ဖြစ်သင့်တာကတော့ အဆိုကို လက်ခံ တင်ပြခွင့်ပြု ကျတော်တို့ဆွေးနွေး မဲခွဲလို့ မရဘူးဆိုရင် ဒါကို ဒီမိုကရေစီသဘောတရားအရ လက်ခံပါတယ် အခုက အဆိုကို ဆွေးနွေးတင်ပြခွင့်တောင် မပြုတာဟာ ဥက္ကဋ္ဌဟာ သူ့သဘောနဲ့ လုပ်တာဟုတ်ရဲ့လားလို့ သံသယဖြစ်မိပါတယ် "
ဒီနေ့ အဆိုကို တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦး NLD ပါတီက ကိုယ်စားလှယ် ၁၁ ဦး ၊ USDP ပါတီကကိုယ်စားလှယ် ငါးဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် ဦးစိန်ဝင်းနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ က ကိုယ်စားလှယ် ဦးလမာနော်အောင်တို့က ဆွေးနွေးခဲ့ကြတာပါ။
အဆိုအပေါ် ကိုယ်စားလှယ် တချို့ရဲ့ ဆွေးနွေးချက်တွေအပေါ် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဥပဒေနဲ့မညီတဲ့အတွက် ချက်ခြင်း စိစစ်ဖြတ်တောက်တာတွေရှိခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကို သတိပေးခဲ့သလို ကိုယ်စားလှယ် တစ်ဦးကိုလည်း နှစ်ကြိမ်တိုင် တားမြစ်ခဲ့ပါတယ်။
NLD ပါတီက ထန်းတစ်ပင် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးနေမျိုးထွန်းရဲ့ ဆွေးနွေးချက်ထဲမှာ ဒီအဆိုတင်တဲ့ သူတွေကို မရိုးဖြောင့်သော ဆိုတဲ့ စကားရပ်သုံးနှုန်းတဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက မတ်တပ်ရပ်ကန့်ကွက်ခဲ့ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုလည်း ပြည်သူ့လွှတ်တော် နည်းဥပဒေပုဒ်မ ၁၆၀ ကိုချိုးဖောက်ဆွေးနွေးခဲ့တယ် ဆိုပြီး လွှတ်တော်ဒုဥက္ကဋ္ဌက သတိပေးခဲ့သလို အဆိုနဲ့ မသက်ဆိုင်တာတွေကို ဆွေးနွေးလို့ ဆိုပြီး မအူပင်မဲဆန္ဒနယ်က ဦးစိန်ဝင်းကိုလည်း လွှတ်တော်ဒုဥက္ကဋ္ဌက နှစ်ကြိမ်တိုင်တားမြစ်ခဲ့တာကို တွေ့ရပါတယ်။
NLD ပါတီက ကိုယ်စားလှယ် ဒေါက်တာလှမိုးရဲ့ ဆွေးနွေးချက်မှာလည်း တစ်ဖက်အဆိုတင်တဲ့ အဖွဲ့အစည်းတွေကို ထိခိုက်တဲ့ ဂုဏ်သိက္ခာကျစေတဲ့ ပြောဆိုမှုတွေ ပါတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဦးမောင်မြင့်က ထကန့်ကွက်ခဲ့ကာ လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်ဒုဥက္ကဋ္ဌကို တောင်းဆိုခဲ့ပါတယ်။ လွှတ်တော်ဒုဥက္ကဋ္ဌက ပယ်ဖျက်ပေးမယ် ပြောပေမယ့် ထပ်မံ ကန့်ကွက်လိုတဲ့အတွက် မိုက်တောင်းရာမှာ ကိုယ်စားလှယ် ဦးမောင်မြင့်ကို လွှတ်တော်ဒုဥက္ကဋ္ဌက ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။
ဒီနေ့ဟာ ဒုတိယအကြိမ် ၁၆ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။