စိစစ်ပြုပြင်ရမည့် ဥပဒေများ သက်ဆိုင်ရာကို မကြာခင်ပို့မည်
2016.03.07

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေပေါင်း လေးရာကျော်ရှိပြီး အဲဒီဥပဒေတွေထဲက လေ့လာစိစစ်ရမယ့် ဥပဒေတွေကို သက်ဆိုင်ရာလွှတ်တော်ကော်မတီတွေထံ မကြာခင်ပေးပို့သွားမှာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ပြောကြားလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီ ၁၈ ခုနဲ့ ပတ်သက်ပြီး ကော်မတီဝင်တွေနဲ့ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းတွေကို လွှတ်တော်မှာ ဒီနေ့ ရှင်းလင်းတင်ပြရာ ဦးတီခွန်မြတ်က ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
"မဏ္ဍိုင်ကြီးသုံးရပ်က စီမံခန့်ခွဲကျင့်သုံးတဲ့ ဥပဒေပေါင်းဟာ ၄ဝဝ ကျော်ရှိတယ်ဆိုတာကို လေ့လာသိရှိရပါတယ်၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေက တာဝန်ယူစီမံခန့်ခွဲတဲ့ ဥပဒေများကို သက်ဆိုင်ရာ လွှတ်တော်ကော် မတီများအလိုက် စိစစ်ရမယ့်ဥပဒေများစာရင်းကို လွှတ်တော်ရုံးက အခုပြုစုနေတယ်ဆိုတာ သိရှိရပါတယ်၊ မကြာမီကာလအတွင်း လွှတ်တော်ကော်မတီများကို ပေးပို့သွားမှာဖြစ်ပါတယ်"
ကော်မတီတွေအနေနဲ့ ဥပဒေတွေကို လေ့လာစိစစ်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေ ပါပြဌာန်း ချက်တွေနဲ့ ညီညွတ်ခြင်းရှိ မရှိ ၊ နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒတွေအပြင် နိုင်ငံတော်နဲ့အများ ပြည်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း ရှိမရှိ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားစေတဲ့ အရေးအသားနဲ့ အသုံးအနှုန်းတွေ ပါဝင်ခြင်းရှိမရှိ စိစစ်ဖို့ လိုအပ်ကြောင်း ဦးတီခွန်မြတ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဥပဒေပေါင်း နှစ်ရာကျော်ကို ပြင်ဆင်ပယ်ဖျက် ပြဌာန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။