ရိုက်တာ သတင်းထောက်နှစ်ဦးကို ရုံးတင်စစ်ဆေးတော့မည်


2017.12.20
reuters-reporters-622.jpeg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို တွေ့ရစဉ်
Photo: MPA and Min Thein Aung/RFA

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် နှစ်ဦးကို မေးမြန်းစစ်ဆေးနေတာ ပြီးစီးလုနီးဖြစ်နေပြီမို့၊ မကြာခင် ရုံးတင်စစ်ဆေးတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

တရားရုံးတင်ပြီဆိုရင် သတင်းထောက် နှစ်ဦးအနေနဲ့ ရှေ့နေဌားခွင့်ရှိသွားပြီး မိသားစုဝင်တွေနဲ့ လည်း တွေ့ဆုံခွင့် ရရှိမှာဖြစ်တယ်လို့လည်းပြောပါတယ်။ သူတို့ကို ရန်ကုန်မှာပဲ ထိန်းသိမ်းထားပြီး၊ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ဥပဒေနဲ့မညီတဲ့ စစ်ဆေးတာတွေ မရှိခဲ့ကြောင်းလည်း ပြောဆိုတယ်လို့ ရိုက်တာသတင်း က ဖေါ်ပြပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ သတင်းထောက်နှစ်ဦးရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာခဲ့ပါသလားလို့ ရိုက်တာက မေးမြန်း ခဲ့ရာမှာ ဦးဇော်ဌေးက - လူ့အခွင့်အရေး ထိပါးရာရောက်တာတွေ မလုပ်ဘဲ ဥပဒေအရသာ ဆောင်ရွက်ဖို့ ရဲတပ်ဖွဲ့ကို ပြောဆိုထားကြောင်း၊ ရဲတပ်ဖွဲ့ကလည်း ဥပဒေအတိုင်းသာဆောင်ရွက်ပါမယ်လို့ ကတိပြု ခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်းထောက် နှစ်ဦးကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင် အများဆုံး ထောင်ဒဏ် ၁၄ နှစ် ကျခံရနိုင်ပါတယ်။

သတင်းထောက် နှစ်ဦးကို တရားရုံးတင်မယ်ဆိုရင် လိုအပ်တဲ့ Expert Witness ခေါ် ကျွမ်းကျင်သူ အသိ သက်သေအနေနဲ့ ဆောင်ရွက်လိုကြောင်း သတင်းမီဒီယာကောင်စီက မနေ့က သတင်းစာရှင်းလင်းပွဲခေါ် ယူပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကို သတင်းမီဒီယာသမားအများစုက အနက်ရောင်အကျီၤတွေဝတ်ဆင်ပြီး တက်ရောက် သတင်းယူခဲ့ကြပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းသမားတွေက ကင်မရာတွေ၊ စာအုပ်၊ ဘောပင်တွေကို လမ်းမပေါ်ချပြီး သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုကို ကန့်ကွက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။