ဖြတ်လေးဖြတ်ကြောင့် ဒေသခံတို့ နစ်နာကြောင်း ရှမ်းအဖွဲ့များ ထောက်ပြ

အောင်မိုးမြင့်
2020.01.23

ရှမ်းလူမှုအဖွဲ့အစည်းတွေကနေ ဖြတ်လေးဖြတ်လို့ အမည်ပေးထားပြီး ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ရုပ်သံ VDO မှတ်တမ်းမှာ တပ်မတော်က ဖြတ်လေးဖြတ် စီမံချက်ကြောင့် ရှမ်းပြည်နယ်အတွင်း သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ သတ်ဖြတ်ခံရခြင်း၊ ရပ်ရွာနေအိမ်၊ လယ်မြေခြံမြေတွေကို စွန့်ခွာထွက်ပြေးရခြင်း၊ အဓမ္မပြုကျင့် ခံရခြင်း၊ ရွာလုံးကျွတ်မီးရှို့ခံရခြင်းတွေနဲ့ ကြုံခဲ့ရတယ်လို့ ဒေသခံတွေ ပြောဆိုထားတာကို ရုပ်သံမှာ တွေ့ရ ပါတယ်။

ရှမ်းပြည်နယ်ဟာ လက်နက်ကိုင်အဖွဲ့ အများအပြား အခြေစိုက်လှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။  ဖြတ်လေးဖြတ် ဆိုတာ တပ်မတော်က ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရပ်တည်ရခက်ခဲစေရေးအတွက် သူတို့လှုပ်ရှားတဲ့ နယ်မြေမှာ ရိက္ခာ၊ ငွေကြေး၊ သတင်းအချက်အလက်၊ တပ်သားသစ် ဒီလေးမျိုးမရရှိအောင် ဖြတ်တောက်ခြင်းပါ။

ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ထိခိုက်ရတာကတော့ ဒေသခံတွေပဲ ဖြစ်နေတယ်လို့ ရှမ်းလူမှုအဖွဲ့အစည်း များက ဆိုပါတယ်။

၂၀၁၉  ဒီဇင်ဘာ ၁၁ ရက်နေ့က ICJ တရားရုံးမွာ လူမျိုးတုံးသတ်ဖြတ်မှုစွဲဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ဘက်ကနေရပ်တည်ပြီး  လျှောက်လဲချက်ပေးခဲ့တာလို့ ရှမ်းလူမှုအဖွဲ့အစည်းများရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

“အောင်ဆန်းစုကြည် သွားပြောတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောထားတာက အဲဒါတော့ ရိုဟင်ဂျာနဲ့ပတ်သက်ပြီးတော့ ဒီဟာကို လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်တာမဟုတ်ဘူး ရည်ရွယ်တဲ့အဆင့်တော့ မဟုတ်ပါဘူး ဆိုပြီးတော့ သူတို့က ပြောတယ် အဲဒါနဲ့ တိုက်ရိုက် မဟုတ်ပေမယ့် ဆက်စပ်ပြီးတော့ပေါ့လေနော့်၊ ရှမ်းပြည်မှာဖြစ်ခဲ့တဲ့ ဥစ္စာကတော့ လူမျိုးတုံးသတ်ဖြတ်မှု  မဟုတ်ဘူးလို့ ပြောလို့မရဘူး၊ ဒါကြောင့် စစ်တပ်ကဘာလဲ သူတို့ပြောတာ စစ်တပ်ကို လက်နက်ကိုင်အဖွဲ့အစည်းကိုပဲ တပ်မတော်ကနေပြီး သွားပြီးတော့ တိုက်ခိုက်ချေမှုန်းတာပါဆိုတာ အဲဒီဟာ မဟုတ်ဘဲနဲ့၊ ရှမ်းပြည်မှာ ဖြစ်တဲ့ဥစ္စာကကြတော့ ပြည်သူလူထုကို ရည်ရွယ်ပြီးလုပ်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်ဆိုတာကို အခါအခွင့်သင့်တုန်း တင်ပြတာပေါ့ ပြောပြတာပေါ့”

ရှမ်းပြည်နယ် မြို့နယ် ၁၅ ခု၊ ကျေးရွာပေါင်း ၁၈၀၀ ကျော်နဲ့ လူဦးရေ လေးသိန်းလောက် ထိခိုက်ခဲ့ရတယ်ဆိုတဲ့ ဖြတ်လေးဖြတ် စီမံကိန်းအတွင်း  တပ်မတော်ရဲ့ ဖမ်းဆီးရိုက်နက်တာ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို  ဒီမှတ်တမ်းရုပ်သံမှာ တွေ့ရပါတယ်။

၁၉၉၆  ဇွန်လ ၁၆ ရက်နေ့မှာ ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စုက ကျေးရွာအားလုံးကို ကွန်ဟိန်းမြို့ အနီးကို အဓမ္မပြောင်းရွှေ့ခံရသူတွေဟာ ရွာမှာ ကျန်ခဲ့တဲ့ ဆန်တွေကို နွားလှည်းတွေနဲ့ သွားပြန်သယ်ချိန်မှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်တဲ့ ရွာသား ၂၇ ယောက်လုံး အသတ်ခံခဲ့ရတယ်လို့လည်း  ရုပ်သံမှတ်တမ်းမှာ ဒေသခံရွာသားတစ်ဦးက ဖြစ်ပျက်ခဲ့တဲ့နေရာကို  ပြသပြီး ရှမ်းဘာသာနဲ့ ပြောဆိုထားတာလည်း တွေ့ရပါတယ်။

“အဲဒီတုန်းက ဒီနားလေးတွေမှာ အလောင်း ၁၉ လောင်းတွေ့တယ်၊ အလောင်းတွေက ဒီအပင်နားတွေမှာ သေနေတာ ငုတ်တုတ်၊ ရိုက်တယ်၊ ပစ်သတ်တယ်၊ အဲလိုပုံစံတွေနဲ့ ပဲတွေ့ရတယ် လူသေအလောင်းတွေက။  ကျနော်တို့ ဒီနားရောက်လာတုန်းက အလောင်းတွေ မတွေ့ရသေးဘူး၊ ဖွတ်ကြီးတကောင်ပြေးပြီး ရေထဲဆင်း သွားတာကိုတွေ့ရတယ်၊ ဖွတ်ဆိုတဲ့အမျိုးက အသားစားတယ်၊ ဒီနားလောက်မှာ လူသေတွေရှိနိုင်တယ် ဆိုပြီး လိုက်ရှာကြည့်တာ လူသေအလောင်းတွေတွေ့တော့ ပုတ်သိုးနံစော်နေပြီ နှာခေါင်းတွေ ပိတ်ထားရတယ်၊ အဲဒီလူသေအလောင်းတွေ တွေ့ပြီး ဒီဘက်ကို ပြန်လှည့်လာတော့ နွားလှည်းတန်းတွေ မီးရှို့ခံထားတာတွေ အတန်းလိုက်တွေ့ရတယ်”

မနေ့က ရှမ်းလူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ်အတွင်းမှာ ရှမ်းပြည်နယ် ဒေသခံ တစ်ထောင်ကျော် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံကြရပြီး  အမျိုးသမီး  ၆၂၅  ယောက် မတရားပြုကျင့် သတ်ဖြတ် ခံခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

ပြည်နယ်အတွင်း နေရာအနှံ့ စစ်တမ်းမကောက်ယူနိုင်တာကြောင့် လူ့အခွင့်အရေး  ချိုးဖောက်ခံရမှုတွေဟာ ဒီထက်မကရှိနိုင်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်းက ပြောပါတယ်။

မျက်မြင်သက်သေတွေပါ မှတ်တမ်းတင်  ရိုက်ကူးတင်ပြနိုင်ဖို့အတွက် ရှမ်းလူမှုအဖွဲ့အစည်းတွေက ငါးနှစ်ကြာ အချိန်ယူစုဆောင်းခဲ့ရသလို ရှမ်းပြည်သူလူထုတွေဟာလည်း စိတ်ရောရုပ်ပါ ထိခိုက်ခံစားနေကြရတယ်လို့ စိုင်းလျန်းက ဆက်ပြောပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုအဆင့်ကို ရောက်တာ မရောက်တာဆိုတာ ဒါက ICJ က ဆုံးဖြတ်မည့်ဥစ္စာပဲ၊ ဒါပေမဲ့ ကြီးမားတဲ့ ဒီလိုမျိုး စီမံကိန်း ရှိရှိနော် တပ်ကနေပြီးမှ  စီမံကိန်းရှိရှိ  ဒီ ရှမ်းပြည်သူလူထုကို အကြောက်တရား ဝင်သွားအောင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်အောင်လို့ အပြင်းအထန် ထိခိုက်သွားအောင် လုပ်တယ်ဆိုတာကတော့ ဒါကတော့ လုံးဝသေချာပါတယ် လုံးဝပြောနိုင်တယ်။

ရှမ်းလူမှုအဖွဲ့အစည်းတွေဟာ   ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း တိုင်းရင်းသား လူမျိုးများအပေါ် ဆယ်စုနှစ်ကြာ ရက်စက်ကြမ်းကြုတ်စွာပြုကျင့်နေတဲ့ အစိုးရ  ခေါင်းဆောင်တွေကို နိုင်ငံတကာဆိုင်ရာ ဥပဒေအရ အရေးယူမယ့် အစီအစဉ်ကို ထောက်ခံတယ်လို့ ကြေညာခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။