မြန်မာ့ငလျင်အတွင်း တရုတ်နိုင်ငံသား ခြောက်ဦးသေဆုံး
2025.04.09

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဧပြီလ ၉ ရက်နေ့အထိ တရုတ်နိုင်ငံသား ခြောက်ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးရဲ့ ပြောဆိုချက်ကိုကိုးကားပြီး တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။
ဒါပေမဲ့ ဘယ်နေရာမှာ ဘယ်လိုသေဆုံးဒဏ်ရာရတယ်ဆိုတာကိုတော့ ဖော်ပြတာမရှိပါဘူး။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် ဧပြီလ ၈ ရက် ညနေ ၆ နာရီအထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၆၄၅ ဦး၊ ဒဏ်ရာရသူ ၅၀၁၇ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၄၈ ရှိနေပါတယ်။
ဒီအတွင်း ငလျင်ကယ်ဆယ်ရေးအတွက် လာရောက်အကူအညီပေးခဲ့ကြတဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်တပ်သားတွေနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသကယ်ဆယ်ရေးအဖွဲ့တွေဟာ လုပ်ငန်းတာဝန်တွေပြီးဆုံးလို့ ဧပြီလ ၉ ရက် ဒီနေ့မှာ တရုတ်လေတပ် Y-20 လေယာဉ်လေးစီးနဲ့ နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ပါတယ်။