ကျောက်မျက်ကုမ္ပဏီတွေကို တိုင်ကြားရင် တင်းကျပ်ဖို့မှာကြား
2016.05.01

ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေ စည်းကမ်းဖောက်ဖျက်ကြောင်း ပြည်သူတွေက သတင်းပေးတိုင်ကြားလာရင် အစိုးရဌာနဆိုင်ရာတွေအနေနဲ့ စည်းကမ်းပျက်တဲ့ ကုမ္ပဏီတွေကို ကြပ်မတ်ဆောင်ရွက်ဖို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြည်နယ်အစိုးရအဖွဲ့ကို မှာကြားလိုက် ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ဒီကနေ့ညနေမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည် က ပြောပါတယ်။
"ကျနော်တို့ ခုနကဆွေးနွေးတဲ့အပိုင်းကတော့ တူးဖော်မှုတွေ စနစ်တကျဆောင်ရွက်ဖို့၊ သဘာဝ ပတ်ဝန်းကျင်တွေ ထိန်းသိမ်းဖို့အတွက်ကို ပြည်သူလူထုက ပူးပေါင်းပါဝင်ပြီးတော့ တကယ်လို့ စည်းကမ်းပျက်ဆောင်ရွက်မှုတွေဆိုလို့ရှိရင်လည်း ပြည်သူလူထုက သက်ဆိုင်ရာဌာနဆိုင်ရာသို့ သတင်းပေးဆောင်ရွက်ပါက ကျနော်တို့ ဌာနတွေအနေနဲ့လည်း စည်းကမ်းပျက်တဲ့ ကုမ္ပဏီတွေကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ဖို့လေးတွေဖြစ်ပါတယ်"
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ဖားကန့်မြို့နယ်မှာ ကုမ္ပဏီတွေ ကျောက်စိမ်းတူးဖော်နေကြတဲ့ အခြေအနေတွေကို မနေ့ကသွားရောက်လေ့လာခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး စတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့က တိုက်ရိုက် စီမံခန့်ခွဲနေတာဖြစ်ပြီး ကုမ္ပဏီတွေဟာ အင်အားကြီးစက်ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးနေတယ်ဆိုပြီး ဒေသခံတွေနဲ့ ပညာရှင်တွေက ပြောကြပါတယ်။
မေလကုန်မှာ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ကုမ္ပဏီတွေဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို မကြာခင်ရပ်နားကြတော့မှာဖြစ်ပါတယ်။