တနိုင်း မှော်အတွင်း နေထိုင် သူတွေ ဇွန် ၁၅ ရက်နေ့ ထွက်ခွာရမည်


2017.06.06
tanine-refugees-620.jpg တနိုင်းမြို့ပေါ် ထွက်ပြေးခိုလှုံနေသူတွေကို ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: Doi Bu/ Facebook

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တရားမဝင် ပယင်း နဲ့ ရွှေမှော်တွေမှာ နေထိုင်လုပ်ကိုင်နေကြ သူတွေကို လာမယ့် ဇွန်လ ၁၅ ရက်နောက်ဆုံးထား ထွက်ခွာကြဖို့ အစိုးရတပ်မတော်က အဲဒီဒေသမှာ မနေ့က ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး စာတွေ ဖြန့်ကြဲသတိပေးလိုက်ပါတယ်။

အဲဒီလိုဆောင်ရွက်တာဟာ ဥပဒေအရမှန်ကန်ပေမယ့် လောလောဆယ်မှာ ပြည်သူတွေဒုက္ခရောက် ကြောင်း တနိုင်းမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောပါတယ်။

"စာတွေဖြန့်တာဟုတ်တယ်၊ ရဟတ်ယာဉ်ပေါ်ကနေ စာတွေဖြန့်တာဟုတ်တယ်၊ တိုင်းမှူးကြီးနဲ့ နယ်လုံဝန်ကြီးနဲ့ ကျနော်တို့တွေ့တဲ့အခါမှာလည်း တိုင်းမှူး ကသေချာရှင်းပြတယ်၊ စာထဲကတိုင်းပါပဲ ဒီပုံစံတိုင်းဆက်ထားရင် အများကြီးပျက်ဆီးမယ်ပေါ့နော်၊ သယံဇာတတွေလည်းအများကြီး ပျက်ဆီးကုန်မယ်၊ ကျနော်တို့အစိုးရကျတော့မရဘူးပေါ့နော်၊ အသေးစိတ်တော့ရှင်းပြပါတယ်၊ ဥပဒေကြောင်းက ကြည့်ရင်လည်းမှန်တယ်၊ အစိုးရဘက်ကကြည့်လည်း မှန်တယ်၊ လောလောဆယ်ပြည်သူတွေကတော့ ဒုက္ခရောက်တာပေါ့"

မှော်ထဲကနေ ထွက်ခွာရမယ်ဆိုရင်လည်း နေထိုင်နေသူတွေ ပြင်ဆင်နိုင်အောင် အစီအစဉ်ချမှတ်ပြီး ၃ လ ဒါမှမ ဟုတ် ၆ လောက် ကြိုတင် အသိပေးသင့်တယ်လို့ ဦးဇော်ဝင်းက ဆိုပါတယ်။

အဲဒီပယင်း နဲ့ ရွှေမှော်တွေမှာ ပြီးခဲ့တဲ့အစိုးရအဆက်ဆက်ကတည်းက တူးဖော်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ လည်း ပြောပါတယ်။

တပ်မတော်ရဲ့ စာထဲမှာ တနိုင်းမြို့နယ်အတွင်းရှိ ထန်းပလား၊ အောင်လွတ်၊ နန်ဗြူ၊ ဇီးဖြူကုန်း၊ နမ့်ကွမ်း စ တဲ့ မှော်တွေဟာ အစိုးရက ခွင့်ပြုထားတဲ့ မှော်တွေမဟုတ်ကြောင်း၊ ရွှေနဲ့ ပယင်း တူးဖော်မှုကြောင့် တနိုင်းဒေသ ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတဲ့အတွက် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက် မှာဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန်မှာ အဲဒီဒေသမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ် သားတွေ ထိခိုက်သေဆုံးမှုတွေကို မလိုလားတာကြောင့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံး ထားထွက်ခွာကြဖို့ အသိပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ရွှေမှော် ပယင်းမှော်တွေဘက်မှာ လုပ်ကိုင်နေကြသူတွေဟာ တနိုင်းဘက်ကို စတင် ရွှေ့ပြောင်း လာကြပြီလို့သိရပါတယ်။

ရွှေ့ပြောင်းလာသူတွေကို တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ် ဒကစ က တပ်မတော်သားတွေ၊ ရဲတပ် ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတွေက ပူးပေါင်းကူညီနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်ဖွဲ့တို့ တနိုင်းဒေသမှာ ထိတွေ့မှုဖြစ်ပွားခဲ့ပါ တယ်။  ဟူးကောင်-တနိုင်းဒေသမှာ တစ်နိုင်ငံလုံးက လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း လုပ်သားဦးရေ စုစုပေါင်း သိန်း ဂဏန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။