ရွှေကျင်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားနှစ်ဦး သေဆုံး
2022.08.31

ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ သံဆိပ်မင်းလမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ထိမှန်တဲ့အတွက် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သံဆိပ်မင်းလမ်းကျေးရွာအနီးမှာ ဩဂုတ်လ ၂၉ ရက် ညပိုင်းကစလို့ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်နေတာပါ။ ဒီတိုက်ပွဲအတွင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လက်နက် ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သေဆုံးတာက အသက်ကြီးပိုင်း ဦးလေးကြီး တစ်ဦး၊ နောက်တစ်ယောက်က ကျောင်းဆရာမ၊ တခြားရွာကနေ တာဝန်ကျတဲ့ ဆရာမလေး"
အဲ့ဒီလက်နက်ကြီးကျည်ကို စစ်တပ်ဘက်က ပစ်ခတ်တာလို့လည်း သူက ပြောပါတယ်။
ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့ကြားမှာရှိတဲ့ သံဆိပ်မင်းလမ်း ကျေးရွာအနီးမှာ စစ်ကောင်စီ တပ်စခန်းတစ်ခု ရှိနေပြီး KNU နဲ့ သုံးရက်ကြာ တိုက်ပွဲဖြစ်နေတာပါ။
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ KNU ဘက်က ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ရွှေကျင်မြို့နယ်ဟာ KNU တပ်မဟာ (၃) ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။ လက်ရှိမှာ ဒီတိုက်ပွဲကြောင့် ရွှေကျင်မြို့နယ် သံဆိပ်မင်းလမ်းကျေးရွာ၊ သံဆိပ်ရွာမကျေးရွာ၊ အင်္ဂနီကျေးရွာ၊ ကျောက်တန်းကျေးရွာက အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေပေမယ့် အရေအတွက် တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးထားပေမယ့် စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ၁၈ လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၆၀၉၇ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU သတင်းနဲ့ ပြန်ကြားရေးဌာနက အချက်အလက်တွေအရ သိရပါတယ်။