သတင်းထောက်နှစ်ဦး အခြေအနေ မိသားစုဝင်တွေ မသိရသေး


2017.12.15
reuters-reporters-622.jpeg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို တွေ့ရစဉ်
Photo: MPA and Min Thein Aung/RFA

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက်တွေဖြစ် တဲ့ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ နှစ်ဦးနဲ့ တွေ့ဆုံခွင့်မရသေးသလို ဘယ်မှာထားရှိတယ်ဆိုတာ တစ်စုံတရာ မသိရှိရသေးဘူးလို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုသက်ဦးမောင် အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး စတင်ဖမ်းဆီးခဲ့တဲ့ ထောက်ကြံ့နယ်မြေရဲစခန်းကို သွားရောက်စုံစမ်းမေးမြန်းပေမယ့် ဘာမှမသိရှိခဲ့ရဘူးလို့ ဇနီးဖြစ်သူ မပန်းအိမွန် က ပြောပါတယ်။

"အခုထက်ထိ ဘယ်မှာချုပ်ထားတယ် ဘယ်မှာရှိနေတယ်ဆိုတာ အဆက်အသွယ်မရသေးဘူး၊ မနေ့ ကတော့ ထောက်ကြံ့ ရဲစခန်းကိုသွားပြီး တွေ့ခွင့်တောင်းတယ်၊ သူတို့က ဒီမှာမရှိဘူး၊ စပြီးဒီကိုခေါ်လာ ကတည်းက ချက်ချင်း စစ်ဆေးရေးအဖွဲ့တွေက ခေါ်သွားတယ်လို့ပြောတယ်။ ဘယ်စစ်ဆေးရေးအဖွဲ့ ဆိုတာ အတိအကျ မပြောနိုင်ဘူး၊ သူတို့ပြောတာတစ်ခုက အသက်ရှင်နေတယ် ကျန်းကျန်းမာမာရှိတယ် အဲဒါတော့ သူတို့ပြောနိုင်တယ်၊ ခေါ်ယူစစ်ဆေးပြီး သူတို့လုပ်ထုံးလုပ်နည်းအရ အားလုံးပြီးသွား လို့ ထောက်ကြံ့ရဲစခန်းကို ပြန်လွှဲခဲ့ရင် ရိုက်တာရုံးကို အကြောင်းကြားမယ်လို့ ပြောတယ်ရှင့်"

ကိုသက်ဦးမောင်ရဲ့ မိဘတွေနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်က နေအိမ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးခံထားရသူ နောက်တစ်ဦးဖြစ်တဲ့ ကိုကျော်စိုးဦးရဲ့ ဇနီးဖြစ်သူ မချစ်စုမကလည်း ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး မိသားစုကို အခုထိ ဘာမှအကြောင်းကြား ပြောဆိုတာမျိုးမရှိဘူးလို့ ပြောပါတယ်။

"ဘာမှလဲသတင်းမကြားဘူး၊ ဘယ်မှာနေတယ် ဘယ်မှာရှိတယ်ဆိုပြီး တွေ့ခွင့်ကိုမရှိတာ"

ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ စစ်ဆေးနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

သူတို့ဆီကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ ကွပ်ကဲမှုအောက်က မြင်း လွတ် ရဲကင်းစခန်း သြဂုတ်လအတွင်းက တိုက်ခိုက်ခံရမှုတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ၊ လူ၊ လက်နက်ခဲယမ်း စာရင်းနဲ့ မြင်းလွတ်ရဲကင်းစခန်းရဲ့ မြေပုံကြမ်းစာရွက်တစ်ရွက်၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ ကွပ်ကွဲတဲ့ဒေသမှာရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင်တဲ့အခြေအနေနဲ့ လူနေထိုင်တဲ့အခြေအနေကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီသတင်းထောက် နှစ်ယောက် ဖမ်းဆီးခံရတာ ဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် တစ်နေ့တစ်ခြား လျော့နည်းကျဆင်းလာနေတဲ့ လက္ခဏာဖြစ်တယ် လို့ ပြောခဲ့သလို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင် ကလည်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အတွက် အထူး စိုးရိမ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဥရောပ လွှတ်တော် ဥက္ကဌ အန်တိုနီယို တာ့ရာနီကလည်း ဒီသတင်းထောက် နှစ်ယောက် ကို မြန်မာအာဏာပိုင်တွေက အမြန်ဆုံး လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေအတွက် စိုးရိမ်ကြောင်း ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

သတင်းထောက်နှစ်ယောက်ကို အခုလို လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေတာဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာရောက်ကြောင်းနဲ့ ဒီမိုကရေစီ အစိုးရအတွက် ဂုဏ်သိက္ခာ ကျစေတဲ့ဖြစ်ရပ်ဖြစ်ကြောင်း သတင်း မီဒီယာ အဖွဲ့အစည်း ၁၂ ခုက ပူးပေါင်းထုတ်ပြန်ထားပါတယ်။

အုပ်ချုပ်ရေး အာဏာပိုင်တွေအနေနဲ့ လက်ရှိဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာ ချပြဖို့နဲ့ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့လည်း သတင်းမီဒီယာ အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။