ပင်လုံညီလာခံအောင်မြင်ရေး အစိုးရအပေါ်မူတည်လို့ ကချင်ခေါင်းဆောင်ပြောကြား


2016.07.16
nbanla-620.jpg ရန်ကုန်မြို့ (NRPC)မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

နိုင်ငံတော်အစိုးရက တိုင်းရင်းသားတွေရဲ့ လိုလားမှုတွေကို လိုက်လျောမယ်ဆိုရင် ၂၁ ရာစု ပင်လုံ ညီလာခံ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်မှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ဖို့ ဒီကနေ့ ရန်ကုန်အထူးလေဆိပ်ကိုရောက်ရှိချိန်မှာ ဗိုလ်ချုပ်ကြီး အန်ဘန်လ က ပြောကြားခဲ့တာပါ။

"အားလုံးကောင်းပါတယ်၊ နိုင်ငံတော်လည်းငြိမ်းချမ်းလာမှာပဲနော်၊ အောင်မြင်ဖို့ပဲ၊ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကတော့ အစိုးရပေါ်မှာ မူတည်တယ်၊ အစိုးရကတိုင်းရင်းသားတွေကို လိုလိုလားလား လိုက်လျောမှုတွေရှိရင်တော့ အောင်မြင်မှာပဲ"

ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒု ဥက္ကဌဖြစ်ပြီး အရင်အစိုးရ လက်ထက်က ရန်ကုန်မြို့မှာကျင်းပတဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ဖူးခြင်းမရှိပဲ အခုမှ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ မနက်ဖြန် တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီနဲ့ UNFC ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က တာဝန်ရှိသူတွေ ဒီနေ့အကြိုညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ဟာ မနက်ဖြန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲအတွက်  ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီက တာဝန်ရှိသူတွေ နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က တာဝန်ရှိသူတွေ ဒီနေ့ NRPC ရုံးမှာ အကြိုတွေ့ဆုံဆွေးနွေးကြပါတယ်။

အကြိုညှိနှိုင်းပွဲတက်ရောက်ခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်လင်းဦး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။