ကိုပါကြီးသတ်ဖြတ်ခံရမှု ဖော် ထုတ်ပေးရေးတောင်း ဆိုသူ ထောင်ချခံရ


2015.04.23
theinaungmyint-305.jpg မန္တလေးမြို့မှာ အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဧပြီလ ၂၃ ရက်နေ့က ကိုသိန်းအောင်မြင့် ကို ရုံးထုတ်ခဲ့စဉ်
Photo: Hset Paing Toe/RFA

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုကို အမှုမှန်ဖော် ထုတ်ပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကိုသိန်းအောင်မြင့်ကို အောင်မြေသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ ဒီကနေ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။

ကိုပါကြီး သေဆုံးမှုကို မဖော်ထုတ်ဘဲ အမှုမှန်ဖော် ထုတ်ဖို့ တောင်းဆိုသူတွေကို ပြစ်ဒဏ်ချတာဟာ လွဲချော်တဲ့ တရားစီရင်ရေးဖြစ်တယ်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

"မတရားအသတ်ခံရတဲ့ ကိုပါကြီးအမှုကို မဖော်ထုတ် ဘဲနဲ့ ကိုပါကြီးအမှုမှန် ဖော်ထုတ်ရေးအတွက် တောင်း ဆိုခဲ့တဲ့သူကို အမိန့်ချတယ်ဆိုတာ ကျနော်တို့တိုင်းပြည် မှာ ဒါဟာတော်တော်လွဲချော်တဲ့ တရားစီရင်ရေးပဲ၊ ဒါဟာ အာဏာရှင်တွေရဲ့လုပ်ရပ်လို့ ပြောလို့ရပါတယ်"

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်တဲ့ နန်းတွင်းဒေါင့်တစ်နေရာမှာ လူအင်အား ၁၀၀ လောက်စုရုံးပြီး ကိုပါကြီး အသတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ် ပါတယ်။

ခွင့်ပြုချက်မတင်ဘဲ ဆန္ဒပြခဲ့တဲ့အတွက် ဦးဆောင်သူ ကိုသိန်းအောင်မြင့်ကို တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ကိုသိန်းအောင်မြင့်ဟာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမယ့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက်လည်း ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့က ထောင်ဒဏ် ၆ လ ချမှတ်ခံထားရပါတယ်။

ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၄ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် ခလရ ၂၀၈ တပ်မှာ ထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ပြည်မြို့မှာ ဦးဆောင်ဆန္ဒပြခဲ့တဲ့ လယ်သမားအရေးကူညီသူ ကိုရဲကျော်သူ (ခေါ်) ကိုပဲပဲ ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပန်းတောင်းမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ပြည်ခရိုင် တောင်သူလယ်သမား သပိတ်ပေါ်ပေါက်အောင် နှိုးဆော်တယ်ဆိုပြီး အမိန့်ချလိုက်တာဖြစ်တယ်လို့ ကိုရဲကျော်သူရဲ့ ရှေ့နေဖြစ်သူ ဒေါ်ဇင်မိုးထိုက်က ပြောပါတယ်။

ကိုရဲကျော်သူကို အမိန့်ချပြီးနောက် ပြည်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ ကိုရဲကျော်သူဟာ ပြီးခဲ့တဲ့နှစ် မတ်လက ပြည်ခရိုင်အတွင်းမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။