ပုပ္ပါးဆွေးနွေးပွဲမှာ အဖွဲ့အားလုံးပါဝင်ဖို့ လိုကြောင်း UWSA ပြော
2018.10.09

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပုပ္ပါးမှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဖွဲ့အစည်းတချို့ကို ချန်ထားမယ်ဆိုရင် ရန်များမယ့်အရေးဖြစ်တာကြောင့် အားလုံးပါဝင်လာနိုင်ဖို့က UWSA အဖွဲ့ရဲ့ မူဝါဒဖြစ်တယ်လို့ UWSA လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောတာဖြစ်ပါတယ်။
အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေများလာတဲ့အတွက် အစိုးရဘက်က ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပွဲဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်တာ ဖြစ်တယ်လို့ ပုပ္ပါးဆွေးနွေးပွဲအပေါ် သုံးသပ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC တင်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဝေဖန်မှုတွေရှိတာကြောင့် တိုင်းရင်းသားတွေနဲ့ စေ့စပ်ရေးကို နိုင်ငံတကာပြယုဂ်အနေနဲ့ ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကပြောပါတယ်။
ပုပ္ပါးမှာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရက အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ကို ဖိတ်စာတွေ ပို့ထားပြီးဖြစ်ပြီး အပစ်ရပ်လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကိုတော့ ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ဦးဇော်ဌေးက ပြောထားပါတယ်။