မုန်တိုင်းဒဏ်သင့် ပြည်သူနှစ်သိန်းကျော်ကို ကူညီခဲ့ကြောင်း WFP ပြော

RFA Burmese
2023.05.31
မုန်တိုင်းဒဏ်သင့် ပြည်သူနှစ်သိန်းကျော်ကို ကူညီခဲ့ကြောင်း WFP ပြော မိုခါ မတိုက်ခတ်မီ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့ကတွေ့ရစဉ်။
United Nations Myanmar

မုန်တိုင်းဒဏ်သင့်ပြည်သူ နှစ်သိန်းသုံးသောင်းကျော်ကို ကမ္ကာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ မိတ်ဖက်အဖွဲ့တွေက စားနပ်ရိက္ခာအကူအညီပေးခဲ့တယ်လို့ WFP က မေလ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာ စားနပ်ရိက္ခာ အကူအညီတွေ လျော့နည်းလာတဲ့အတွက် နိုင်ငံတကာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

“ကျွန်တော်တို့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ ဘယ်နေရာဒေသကပဲဖြစ်ဖြစ် အကူအညီ လိုအပ်နေသူတိုင်းအတွက် ကျွန်တော်တို့မှာ ရှိသလောက်စားနပ်ရိက္ခာတွေကို ပို့ဆောင်ပြီး ဖြန့်ဝေပေးနိုင်ဖို့ လျင်လျင်မြန်မြန် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ရိက္ခာတွေက လျော့နည်းလာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို အရေးတကြီး လိုအပ်နေပါတယ်”

မုန်တိုင်းဒဏ်ခံရတဲ့ နေရာဒေသတွေမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်ရေ၊ သုံးရေနဲ့ သန့်ရှင်းရေးတို့အတွက် အဓိကလိုအပ်နေတယ်လို့လည်း WFP ကပြောပါတယ်။

WFP အနေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေက လူဦးရေ ရှစ်သိန်းထံ သုံးလစာ အရေးပေါ် စားနပ်ရိက္ခာနဲ့ ငွေသားအထောက်အပံ့တွေကို ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နိုင်ငံတစ်ဝန်းက လူဦးရေ ၂ ဒဿမ ၁ သန်းအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အဟာရ အကူအညီတွေကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းထိ ပေးနိုင်ဖို့အတွက်လည်း အမေရိကန် ဒေါ်လာ သန်း ၆၀ ရံပုံငွေ ရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီ သန်း ၆၀ ထဲမှာ မုန်တိုင်းသင့်သူ ၄၄၀,၀၀၀ ကိုကူညီဖို့အတွက်လိုအပ်တဲ့ ရန်ပုံငွေ ၂၃ သန်းလည်း ပါဝင်ပါတယ်။ ရန်ပုံငွေတွေ ထပ်မရရင် WFP ရဲ့ အသက်ကယ် အစီအစဉ်တွေဟာ ၂၀၂၃ သြဂုတ်လမှာ ပြတ်လပ်သွားနိုင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။