ဗိုင်းရပ်စ်ကူးစက်မှာစိုးပြီး ထိုင်းရောက်မြန်မာ ထောင်ချီနေ့စဉ် အိမ်ပြန်နေ
2020.03.25
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ တနေ့တခြားပိုများလာတာတကြောင်း၊ မြန်မာနှစ်သစ်ကူးချိန်နီးလာတာကတကြောင်းကြောင့် တရက်ကိုလူသုံးထောင်ကျော် မြဝတီနယ်စပ်ကနေ နေရပ်ပြန်လာနေကြပါတယ်။ မြန်မာအစိုးရက သူတို့ကို အဖျားတိုင်းစစ်ဆေးတဲ့အပြင် နေရပ်လိပ်စာ၊ လူစာရင်းမှတ်ထားပြီး သူတို့နေရပ်အသီးသီးကို ပြန်ပို့ပေးနေပါတယ်။
မတ်လ ၂၂ ရက်နေ့ကနေ ဒီနေ့ မြဝတီ မဲဆောက်အမှတ် ၂ တံတားကနေ ပြန်တဲ့သူ တသောင်းကျော်နေပြီလို့ မဲဆောက်မြို့က ကရင်အမျိုးသားမီဒီယာတည်ထောင်သူ မန်းမျိုးမြင့်က RFA ကိုပြောပြပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ထိုင်းအစိုးရက ဘန်ကောက်မြို့ကို ပုံမှန်သွားလာ လုပ်ကိုင်နေတာတွေ ရပ်ဆိုင်းဖို့ ညွှန်ကြားထားပြီး နယ်စပ်ဂိတ်တွေကို ပိတ်ထားလိုက်ပါပြီ။ ဒီလိုဂိတ်ပိတ်ပေမယ့် မြန်မာအလုပ်သမားတွေကလည်း စိုးရိမ်မှုမျိုးစုံနဲ့ ပြန်နေကြပါတယ်။
မြဝတီ-မဲဆောက် နယ်စပ်ဂိတ်တွေကို ပိတ်ထားပေမယ့် မဲဆောက်မြို့တော်ဝန်က အမှတ် ၂ တံတားကို ဖွင့်ပေးလိုက်ပါတယ်။
“မဲဆောက်တံတားကိုတော့ မတ်လ ၂၃ ရက်နေ့မှာ နောက်ဆုံးထားပိတ်ရတော့မယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဂိတ်တွေပိတ်ပိတ် မြန်မာအလုပ်သမားတွေ နေရပ်ပြန်ကြတာကို ကျနော့်အနေနဲ့တော့ ခွင့်ပြုရမှာပါ” လို့ပြောသွားတာပါ။
ပြန်လာတဲ့သူတွေကို မြန်မာအာဏာပိုင်တွေဘက်ကလည်း ကောင်းကောင်းမွန်မွန်လက်ခံခွင့်ပြုပေးနေပါတယ်။
ဒီကြားထဲမှာ တရားဝင်ဂိတ်တွေကနေ မဟုတ်ဘဲ သောင်းရင်းမြစ်ဖြတ်ပြီး တရားမဝင် ပြန်တဲ့သူတွေလည်း ရှိနေတဲ့အတွက် အရေးယူနေတယ်လို့ ဦးတေဇာအောင်က ပြောပါတယ်။
အဲဒီလူတွေအနေနဲ့ ရောဂါပိုးပါသွားရင် သူ့မိသားစု သူ့ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့အတွက် အဲဒီလို ကျန်းမာရေးစစ်ဆေးမခံဘဲ တရားမဝင်ပြန်တာမျိုး မလုပ်ဖို့ မန်းမျိုးမြင့်က အကြံပြုပါတယ်။
ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်တဲ့ မယ်လဒုက္ခသည်စခန်း အပါအဝင်၊ စခန်းပေါင်း ကိုးခုကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အဝင်အထွက်တွေ ပိတ်ထားလိုက်ပါပြီ။ အဲဒီစခန်းတွေမှာ ဒုက္ခသည် ရှစ်သောင်းလောက် ရှိဦးမယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ်အရ တရားဝင် အလုပ်သွားလုပ်တဲ့သူ နှစ်သန်း နှစ်သိန်းလောက်ရှိပြီး၊ တရားဝင်မဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလုပ်လုပ်နေတဲ့သူက တသန်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ပြောဆိုထားပါတယ်။
အဲဒီလို သုံးသန်းကျော်လောက်ရှိတဲ့ အလုပ်သမားတွေထဲက သိန်းနဲ့ချီပြန်မယ့် အရိပ်အရောင်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။